15 November 2010

Maung Maung One Article for Daw Su - 4

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၄)
မောင်မောင်ဝမ်း
နိုဝင်ဘာ ၁၆၊ ၂၀၁၀

“နိုင်ငံရေးကို နှလုံးသားနဲ့ မလုပ်ပါနဲ့။ ဦးနှောက်နဲ့ လုပ်ပါ .....” တဲ့။

ကျနော် စဉ်းစားကြည့်မိတယ်၊ အမိနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေး၊ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်တဲ့သူများကို လေ့လာကြည့်တဲ့အခါ နှလုံးသား ခံစားရတာတွေက ပိုများကြပါတယ်။ စနစ်ကိုက ဒီလိုဖြစ်အောင် အကြောင်းဖန်လာတာဆိုတော့ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုမှာ ခါးသီးတဲ့ဒဏ်ရာဒဏ်ချက်တွေကိုယ်စီနဲ့ပါ။ ခံစားမှုမပါဘဲနဲ့လည်း ဒီမိုကရေစီ တော်လှန်ရေး ပေါ်ပေါက်နိုင်စရာအကြောင်းမရှိပါဘူး။

တခါ အန်တီစုရဲ့ အဲဒီအချိန်ကာလက အနေထားကို သုံးသပ်ကြည့်မယ်ဆိုရင် ပူပူနွေးနွေး အကျယ်ချုပ်က လွတ်လာခါစ၊ နိုင်ငံရေးလမ်းကြောင်းမှာဆိုလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းပေါ်ကို ဦးတည်နေတဲ့အချိန်၊ မိမိရဲ့နာကျင်မှုတွေ၊ ခါးသီးမှုတွေကို ခဝါချလို့ တိုင်းပြည်အတွက် လိုအပ်နေတဲ့ အကျိုးစီးပွား မျက်နှာတခုထဲကိုပဲ ကြည့်ပြီး ဦးနှောက်နဲ့ တွေးခေါ်ဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကို ဆိုလိုတာပါ။

ကျနော်တို့ဟာ သာမန်ပုထုဇဉ်လူသားတွေပါ။ စိတ်ဆိုးတတ်ပါတယ်။ ပျော်တတ်ပါတယ်။ ခံစားတတ်ပါတယ်၊ တုံ့ပြန်တတ်ကြပါတယ်။ ဒီနေရာမှာ ဆုံးဖြတ်လုပ်ကိုင်နေရတဲ့ အန်တီစုတို့လိုသူများအတွက်ကတော့ ဦးနှောက်နဲ့ တွေးခေါ်လုပ်ကိုင်မှုဟာ သိပ်အရေးကြီးပါတယ်။ နှလုံးသားခံစားမှုကို အသားသွားပေးလို့ မရနိုင်ပါဘူး၊ (သို့သော် ပစ်ပယ်လို့တော့ မရကောင်းဘူးလို့ ထင်ပါတယ်။) ခံစားမှုအရ နာကျင်နေတဲ့ ပြည်သူတွေအတွက်ကလည်း နာကျင်မှုအတိုင်း တုံ့ပြန်ခဲ့တာ အမှန်တခုပါ။ ထို့အတူ ခံစားမှုကို ဘေးမှာထား၊ လိုအပ်ချက်ကို ရှေ့တန်းတင်လုပ်နေရတဲ့ အန်တီစုလို ခေါင်းဆောင်များရဲ့ ဆုံးဖြတ်ချက်ဟာလည်း အမှန်တခုပါပဲ။

ကျနော် ထောင်ထဲမှာရှိနေစဉ်ကာလက နာမည်ကျော်စာရေးဆရာ မင်းသိင်္ခ ပြောတာလေး ရှိပါတယ်။

“ငါ ဒီအာဏာရှင်တွေကို လှလှပပ ကလဲ့စား ချေချင်တယ်ကွာ...” တဲ့။

“ကလဲ့စားချေတယ်ဆိုတာ သိပ်အရသာရှိတဲ့အလုပ်ကွ ...” တဲ့။

“စိတ်ကူးနဲ့တောင် တော်တော်မြိန်တာပဲ” ဒီလိုပြောခဲ့ဖူးပါတယ်။ ဒါက ကျနော်တို့ရဲ့ နှလုံးသား ခံစားချက်တွေပါ၊ သို့သော် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ တိုင်းပြည်အတွက် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်လာတဲ့အခါမှာတော့ --- --- --- --- ---။

တနေ့ အန်တီ့ခြံရှေ့ ဟောပြောပွဲမှာ မေးခွန်းလေးတခု တက်လာပါတယ်။ (အန်တီ့အိမ်ရှေ့မှာ စာတိုက်ပုံးလေး ထားပေးပါတယ်။ မေးခွန်းမေးလိုသူများက စာရေးပြီး အဲဒီထဲ ထည့်ထား၊ အဲဒီထဲကမှ သင့်တော်တဲ့မေးခွန်းတွေကို အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်းမှာ အန်တီက ပြန်ဖြေပေးပါတယ်။)

“မေးခွန်းလေးတခု ကျမ လက်ခံရရှိပါတယ် --- ဒီလို မေးခွန်းမျိုး ကျမ ဖြေချင်နေတာ ကြာပါပြီ -- မေးခွန်းက ဒီလိုပါ --- ဒေါ်အောင်ဆန်းစုကြည် တပ်မတော်အပေါ်မှာ ဘယ်လိုသဘောထားပါသလဲ .. တဲ့”

“ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း” (လက်ခုပ်သံများ)”

“ကျမရဲ့ ဖေဖေဟာ တပ်မတော်ရဲ့ဖခင်ပါ … …။” (လက်ခုပ်သံများ)

“ကျမက ဖေဖေ့သမီး --- အဲဒီတော့ တပ်မတော်ဆိုတာ ကျမရဲ့မွေးချင်းမောင်နှမတွေပဲလေ …” (လက်ခုပ်သံများ)

အန်တီစုရဲ့မျက်နှာသွင်ပြင်ဟာ ပြုံးရွှင်နေပါတယ်၊ နှစ်လိုဖွယ်ရာ အပြုံးလို့ သတ်မှတ်မယ်ဆိုရင် မမှားနိုင်လောက်ပါဘူး။

“ကျမငယ်စဉ်က ယူနီဖောင်းစိမ်းစိမ်းတွေ ဝတ်ဆင်ထားတဲ့ တပ်မတော်သားတွေရဲ့ကြားမှာ ကြီးပြင်းလာခဲ့ရသူ တယောက်ဆိုတော့ -- တပ်မတော်သားတွေဟာ ကျမ အကိုတွေ မောင်တွေ မွေးချင်းတွေပဲပေါ့ …. ကျမ မုန်းလို့ ရနိုင်မလား ... စဉ်းစားကြည့်ကြပါ။”

လက်ခုပ်တီးသံတွေ၊ သြဘာပေးသံတွေ ဆူညံသွားပါတယ်။ ဒါဟာ အန်တီစုရဲ့နှလုံးသားကြားက ယိုစိမ့်ထွက်လာတဲ့ အစစ်မှန် စကားလုံးတွေပါ။

ပုသိမ်မြို့ စည်းရုံးရေးခရီးစဉ်မှာ စစ်သားတွေရဲ့သေနတ်မောင်း ကျည်ဖြုတ်လုဆဲဆဲ ... ဝိုင်းရံနေတဲ့ကြားက အပြုံးမပျက် ထွက်လာနိုင်ခဲ့တဲ့ပုဂ္ဂိုလ် ရင်ထဲက ရိုက်ခတ်လာတဲ့ ပုံရိပ်တွေပါ။

တနေ့ ကျနော်တို့ အန်တီနဲ့ဆုံတွေ့တဲ့အခါ မေးကြည့်မိပါတယ်။

“အန်တီ ပြောခဲ့တဲ့စကားက တကယ်ပဲပေါ့” ဆိုတော့ ... “တကယ်မို့လို့ အန်တီပြောတာပေါ့ ”.. တဲ့။ “အန်တီ့ဘေးမှာရှိနေတဲ့ လူကြီးတွေကိုပဲ သားတို့လေ့လာလိုက်ဦးလေ၊ ဘဘ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဦးလွင် … အားလုံးဟာ တပ်မတော်ခေါင်းဆောင်တွေချည်းပဲ။ ဘဘ ဦးတင်ဦးဆို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်တောင် ယူခဲ့ရသေးတာ။ နောက်ဆုံး ဒီပုဂ္ဂိုလ်ကိုပဲကြည့်။ (ဦးဝင်းထိန်ကိုလှည့်ပြီး ညွှန်ပြလိုက်တယ်။) တပ်မတော်က အရာရှိဟောင်းတဦး။ အန်တီ တပ်မတော်သားတွေကို မုန်းတီးရင် သူတို့နဲ့ ဘယ်လက်တွဲလိမ့်မလဲ”

သိပ်မှန်တဲ့စကားပါ။ အန်တီ့ကို ဝန်းရံနေသူတွေ၊ ပါတီထဲက ခေါင်းဆောင်တချို့ဆို စစ်တိုင်းမှူးဟောင်းတွေတောင် ပါပါတယ်။ ကျနော်တို့ကျောင်းသားတွေထဲက တယောက်က လက်ရှိ တပ်မတော်အတွင်းက အောက်ခြေစစ်သားတွေရဲ့အခက်အခဲ၊ ဆင်းရဲကြပ်တည်းမှုတွေကို ပြောပြတဲ့အခါ အန်တီရဲ့ရင်ထဲ မွန်းကြပ်သွားပုံရပါတယ်။ ဒီတခါမှာတော့ မျက်နှာလေးဟာ ညှိုးရော်လို့ --- ---။

“လက်ရှိစစ်တပ်အတွင်းက တပ်မတော်သားတွေရဲ့ဆင်းရဲကြပ်တည်းမှုတွေကို ကောင်းကောင်း မဖြေရှင်းပေးတာဟာ … မကောင်းဘူး”

အန်တီက ဦးတင်ဦးဘက်ကို လှည့်ပြောတော့ ...

ဦးတင်ဦးက “တပ်ရဲ့အကြီးအကဲဆိုတာ ရဲဘော်တွေရဲ့မိဘပဲ … အစစအရာရာ တာဝန်ရှိတယ် … မလိုအပ်ဘဲနဲ့ တပ်မတော်ကို တိုးချဲ့နေမယ့်အစား … လက်ရှိအနေအထားကို အရည်အသွေးပြည့်မီအောင် လုပ်သင့်တယ် … ခေတ်မီတပ်မတော်ဖြစ်ဖို့ဆိုတာ လူတွေ စုနေရုံနဲ့ဖြစ်လာမှာမဟုတ်ဘူး … အခုဟာက တပ်က ခေတ်မီတပ်မတော်ဖြစ်ဖို့နေနေသာသာ … စားဝတ်နေရေး ဖူလုံဖို့တောင် … မလွယ်ကူတဲ့ အခြေနေဆိုတော့ စိတ်ထဲ မကောင်းဘူး”

“တပ်မတော်သားဆိုတာကလည်း … ပြည်သူတွေထဲက ပြည်သူတွေပဲလေ…။ နိုင်ငံရဲ့ ယိုယွင်းမှုတွေကို ပြည်သူနဲ့အတူ သူတို့လည်း ခါးစည်းခံရတော့မှာပဲ”

အန်တီဟာ တကယ်တော့ တပ်မတော်သားတွေအပေါ် ချစ်ခင်၊ စာနာစိတ်ရှိသူတယောက်ဆိုတာ သေချာပါတယ်။ သူဟာ တပ်မတော်သားတွေနဲ့ပတ်သက်လို့ စိုးရိမ်ခဲ့တာ အမှန်ပါ။

ဒီလိုနဲ့ ရက်အနည်းငယ်အကြာမှာတော့ အန်တီရဲ့ ရင်ထဲကရိုက်ခတ်လာတဲ့စကားလုံးတွေဟာ နအဖ ထိပ်တန်း အပါအဝင် တပ်မတော်သား တော်တော်များများ နားထဲကို စိမ့်ဝင်သွားစေခဲ့ပါတယ် ---။

သိပ်မကြာခင် ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လူသိထင်ရှား ထုတ်ဖော်ပြောဆိုမှုနဲ့ တုံ့ပြန်သံကို ကြားလာရပါတော့တယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို နှမလေးလို သဘောထားပါတယ် …” တဲ့။

ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကတော့ ကာယကံရှင်ကလွဲလို့ ဘယ်သူ သိနိုင်လိမ့်မလဲ။

အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ ပြတင်းတံခါးလေးများ ‘ဟ’ လာလေရော့သလား။ သို့လော သို့လော စဉ်စားစရာတွေနဲ့ပေါ့။

(ကျနော်ထောင်ထဲမှာ နေခဲ့ရတုန်းက တပ်ရင်းမှူးတယောက်လည်း ပြစ်မှုတခုနဲ့ ထောင်ကျ လာပါတယ်။ သူနဲ့ ကျနော် ခင်မင်သွားတဲ့အခါ သူ့က တနေ့ သူ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေထဲက တိုက်တိုက်ဆိုင်ဆိုင် တခုကို ပြောပြပါတယ်။ အန်တီက ဖော်ပြပါ မိန့်ခွန်းကို တိုင်းသိ ပြည်သိ ကမ္ဘာသိ ပြောကြားလိုက်တဲ့အခါ တပ်ထဲမှာ “တော်တော်ဂယက်ရိုက်သွားကြောင်း၊ စစ်တပ် ခေါင်းဆောင်ပိုင်းတွေ ဟာ တပ်ရင်းအသီးသီးကိုရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် မိန့်ခွန်းကို မယုံကြည်ကြဖို့” စည်းရုံးပြောဆိုခဲ့တယ်လို့ ကြားလိုက်ရပါတယ်။) မှန် မမှန် ဟုတ် မဟုတ်ဆိုတာကတော့ ကျနော်လည်း အတတ်မသိပါဘူး။

တနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဦးလွင် စတဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ ကျနော်တို့ကျောင်းသားများနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ကျနော်တို့က တွေ့ဆုံပေးဖို့ မေတ္တာရပ်ခံချက်ကြောင့်လည်း ပါပါတယ်။ ဒါကတော့ ကျနော်တို့ ကျောင်းသားတွေအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို စတင် အကောင်ထည်ဖော်ဆောင်ရွက်ရန် အကြံဉာဏ် တောင်းခံခြင်းပဲ ဖြစ်ပါတယ်။ ဘယ်က စလုပ်ကြမလဲ။ တကယ်တော့ တဖက် နအဖနဲ့ သင့်မြတ်ဖို့ကို အသာထားလို့ … ကိုယ်ချင်း သင့်မြတ်ရေးကို ဦးစွာ ထည့်သွင်းစဉ်းစားရပါတော့တယ်။

အမှန်တိုင်း ထုတ်ဖော်ဝန်ခံရရင် အဲဒီအချိန်က ကျနော်တို့ အတိုက်ခံအင်အားစု အချင်းချင်းကြားမှာတောင်မှ အဆင်မပြေ-မချောမွေ့မှုတွေ အများကြီးရှိပါတယ်။ အန်တီစု အပေါ်မှာတောင် မပြေလည်မှုတွေ၊ မကျေနပ်ချက်တွေ ရှိနေပါတယ်။ ဒီတော့ ဒါတွေကို ရှင်းထုတ်ပြီး ပွင့်လင်းမြင်သာတဲ့ သင့်မြတ်မှုတွေကို စတင်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

နောက် ကျနော်တို့ ကျောင်းသားများအနေနဲ့ကလည်း တိုက်တိုက်ဆိုင်ဆိုင် သီတင်းကျွတ် လပြည့်နေ့ အခါသမယနဲ့ကလည်း နီးကပ်နေတော့ လူကြီးတွေကို စုပေါင်း ဂါရဝပြုရင်း လုပ်ဆောင်ဖို့ကို အစီစဉ်ချမှတ်ခဲ့ပါတယ်။ နေရာကိုတော့ တက္ကသိုလ်များ ဓမ္မာရုံမှာလုပ်မယ် ... လို့ ယာယီအားဖြင့် သတ်မှတ်ထားခဲ့တယ်။

ဒီလိုနဲ့ ပထမဦးဆုံး ကျနော်တို့ကျောင်းသားများဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအဖွဲ့ (ဒီ/ငြိမ်း) နဲ့ အရင်ဆုံး တွေ့ဆုံ သဘောတူညီချက်ရအောင် ကြိုးစားရပါတော့တယ်။ တနေ့ ကျနော်တို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်အိမ်ကို ချီတက်ခဲ့ကြတယ်။ ဗိုလ်မှူးအောင်နဲ့လည်း အခန့်သင့်စွာပဲ တွေ့ခဲ့ပါတယ်။

“ကျနော်တို့က ကျောင်းသားတွေဖြစ်တဲ့အကြောင်း” ကျနော်တို့ရဲ့အစီအစဉ်တွေကို ချပြခဲ့ပါတယ်။ ဗိုလ်မှူးအောင်ရဲ့မျက်နှာဟာ ချက်ခြင်းဆိုသလို တင်းမာသွားပါတယ်။

“ငါ … စုကြည်ရယ် - NLD ရယ် တွေ့ရမယ်ဆို ... ငါ လုံးဝ မတွေ့နိုင်ဘူး”

ကျနော်တို့ ကြောင်သွားကြတယ်။ တော်တော်လည်း အကြပ်ရိုက်သွားပါတယ်။ ဘာလုပ်ရမှန်း မသိတော့ဘူး။ ကျနော်တို့ အမျိုးမျိုးဖြောင်းဖျကြတယ်။

“ဘဘ ကျနော်တို့တင်ပြချက်တွေကို နည်းနည်းလေးလောက်တော့ အသိမှတ်ပြုပေးပါ ... ဒီနေ့ အချိန်အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အရမ်းကို လိုအပ်နေပါတယ် … သင့်မြတ်ဖို့ လိုပါတယ် … ဘဘတို့လို အစဉ်လာရှိတဲ့လူကြီးတွေနဲ့ အန်တီနဲ့မှ မသင့်မြတ်ကြဘူးဆိုရင် ရှေ့ကို ဘယ်လို ဆက်သွားကြမလဲ”

“အဲဒါတွေ ငါမသိဘူး … ငါရှင်းရှင်းပဲ ပြောမယ်ကွာ … ငါ လုံးဝ မတွေ့ချင်ဘူး …. သူတို့နဲ့ တွဲပြီးလည်း … … ငါတို့တဖွဲ့လုံး ဘာမှမလုပ်ချင်ဘူး”

ကျနော်တို့အားလုံး ဝမ်းနည်းသလို ခံစားသွားပါတယ်။ ပထမဦးဆုံး ခြေလှမ်းမှာတင် ဦးကျိုးသလိုများ ဖြစ်နေပြီလား၊ ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် စိတ်ရှည်ရမယ် … ဆိုတဲ့ သဘောတရားကတော့ ရင်ထဲမှာ ရှိနေဆဲပါ။

ဗိုလ်မှူးအောင်ကတော့ အဆက်မပြတ်ဆိုသလို ခေါင်းကို တွင်တွင်ခါဆဲပါပဲ ---။ ကျနော်တို့က ပြောလိုက် ... သူက ငြင်းပယ်လိုက်နဲ့ နာရီဝက်ခန့်လောက်ကြာအပြီးမှာတော့ --- ကျနော်ကပဲ ဆက်ပြီး ...

“ဘဘ နောက်ဆုံး အခွင့်ရေးလေးတခုတော့ပေးပါ … … ဘဘတို့ ဘာတွေ မကျေနပ်သလဲ … ကျနော်တို့ကို ရင်ထဲရှိတာတွေပြောပါ … … ကျနော်တို့ညှိနှိုင်းလို့ရမယ်ဆို အန်တီနဲ့ ညှိနှိုင်းချင်ပါတယ်”

“အဲဒီလို ညှိနှိုင်းလို့ … မင်းတို့ အန်တီကရော .. အဆင်ပြေမယ်လို့ထင်သလား … ဝေးသေး ... ငါ လုံးဝ မထင်”

“ဘဘပြောသလိုတော့ ဟုတ်မယ် မထင်ပါဘူး….. ညှိနှိုင်းလိုက်ရင် အဆင်ပြေမှာပါ”

“သူ့ (ဒေါ်အောင်ဆန်းစုကြည်) သဘောကရော အခုလက်ရှိအခြေအနေမှာ ဘယ်လိုရှိလဲ”

ဗိုလ်မှူးအောင် အနေအထားက စောစောကထက် နည်းနည်းပျော့ပြောင်းလာတဲ့ အရိပ်လက္ခဏာတရပ်ကို ကျနော်တို့ စတင်တွေ့မြင်လာရပါတယ်။ ကျနော်တို့ ဝမ်းသာသွားကြတယ်။

“အန်တီက အားလုံးသင့်မြတ်ရေးကို အလိုရှိပါတယ်…။ ယုံပါ ဘဘ”

“ငါတို့ အားလုံးလည်း ကြားပါတယ် … .. အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တို့နိုင်ငံအတွက် အရမ်းကို လိုအပ်ပါတယ် … .. ဒါမရှိဘဲနဲ့ တိုင်းပြည်ကိုထူထောင်ဖို့ဆိုတာ စိတ်ကူးယဉ်သလိုပါပဲ။ သမင်မွေးရင်း ... ကျားစားရင်းဖြစ်နေမှာပဲ …။ ဆက်မွဲဦးမှာပဲ”

အဲဒါသေချာတယ် … … ..

“အန်တီလည်း … ဒီသဘောတရားကို … လက်ခံပါတယ် ဘဘ”

ဗိုလ်မှူးအောင် ခဏငြိမ်သွားတယ်။ ပြီးမှ ... ...

“ငါ့တို့ရဲ့ရင်ထဲမှာ စုကြည်ဟာ တို့ခေါင်းဆောင် တို့ရဲဘော် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ---- တနည်းဆို … ငါတို့ သမီးကွ”

သက်ပြင်းကို အခါခါချရင်း ... တခုခုကို တမ်းတ ငေးမောနေသလိုပဲ၊ တခုခုကို လေးလေးနက်နက် စဉ်းစားနေရင်း …

“ခက်တယ်ကွာ … ငါ့စေတနာကိုလည်း … နားမလည်ဘူး … စော်ကားတယ် … သူတင် ကမလားကွ … သူ့အမေဆို ပိုတောင် ဆိုးသေးတယ်” (ဒေါ်ခင်ကြည်ကို ဆိုလိုရင်းဖြစ်သည်။)

ကျနော်တို့အားလုံး စိတ်ဝင်စားသွားကြတယ်။ ကျနော်တို့ မသိမီသေးတဲ့ သမိုင်းဆိုင်ရာ ကိစ္စတွေများ ဖြစ်နေမလား …၊

“ဘဘ … ... ဘာတွေဖြစ်ခဲ့လို့လဲ … ပြောပြလို့ရနိုင်မလား”

“ပြောမယ် ။ … ဒီလို …၊ ဦးစောက (ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ခဲ့သူက) မင်းတို့ သမိုင်းမှာသိတဲ့အတိုင်း လက်နက်တိုက်ကနေ လက်နက်တွေ ထုတ်သွားရာက အစ ... ကိုအောင်ဆန်းကို လုပ်ကြံမယ် … ဆိုတဲ့သတင်းကို ငါတို့ အတိအကျရထားတယ်ကွာ ...။ ဒီကြားထဲမှာ ဘဆွေ (စာရေးဆရာ ရန်ကုန် ဘဆွေ)ကလည်း ကိုအောင်ဆန်းအပေါ်မှာ သိပ်ကလိမ်ကျနေတဲ့၊ မနာလိုနေတဲ့ ဦးစောကို ကြည့်မရဖြစ်ပြီး၊ (ကိုအောင်ဆန်းတို့ လုပ်ကြံမခံရခင် လပိုင်းလောက်မှာ) သေနတ်နဲ့ သွားပစ်တယ်ကွာ ...။ စဉ်းစားကြည့်ပေတော့ ...။ နဂိုကမှ ဦးစောက ကိုအောင်ဆန်းကို မလိုနေရတဲ့အထဲ ပိုဆိုးသွားပြီပေါ့ …။ အကောက်ကြံပြီပေါ့။ ဒါတွေကို ငါတို့က အတိအကျ သတင်းရတယ်။ ဒါနဲ့ တနေ့ မဖြစ်ချေဘူး … ဆိုပြီး မနက်စာတောင် ထမင်းမစားနိုင်ဘူး။ ငါ ကိုအောင်ဆန်းဆီ အပြေးသွားခဲ့တယ်…။ အဲဒီနေ့က ကိုအောင်ဆန်းကလည်း အိမ်မှာ အဆင်သင့်ကွ။ ဘယ်မှ မသွားဘူး။ အိမ်မှာ အနားယူနေပုံရပါတယ်။ ငါ မှတ်မိသေးတယ်။ စွပ်ကျယ် လက်စကလေးနဲ့ ...။ ငါရောက်သွားတယ်ဆိုရင်ပဲ ---- သူက...

“ဟာ ... ကိုကြီးအောင် … အမောတကောနဲ့ … ဘာတွေဖြစ်လာလို့လဲ” တဲ့။

ကိုအောင်ဆန်းကို ကြည့်ရတာ အေးအေးဆေးဆေးပဲ။

“ဘာဖြစ်ရမလဲ … ခင်ဗျားကို ... သတ်တော့မယ် …။ အဲဒါ ... ဂရုစိုက်ဦး … ကျုပ်လာ သတိပေးတာ…။ သတင်းတွေ အတိအကျ ရထားပြီးပြီ”

ကိုအောင်ဆန်းက ရယ်တယ် … ကွ။ ဒီလူကလည်း တမျိုးကွာ။

“ဒီလောက်လည်း မစိုးရိမ်ပါနဲ့ ကိုကြီးအောင်ရာ … ဦးလေးစော (ဦးစော) က ... ကျနော့်ကို သတ်လောက်အောင် မုန်းမယ် မထင်ပါဘူး …”

“မုန်းတာ မမုန်းတာထက် ခင်ဗျားကို လုပ်ကြံဖို့ကြိုးစားနေတာတော့ အသေအချာပဲ။ ဒါဆိုလည်း ပြီးတာပဲ … ကျုပ် တာဝန်ကျေတယ်နော် …။

ငါ့စိတ်ထဲ နည်းနည်းတော့ ကသိကအောင့်ဖြစ်မိတယ် ... အမှန်ပြောမယ်၊ ငါ သူသေမှာ ကြောက်တာ အမှန်ပဲကွ။ ငါ သေရမှာတောင် ငါ မကြောက်ဘူး၊ သူသေရင် ရှုပ်ကုန်မှာတွေ တပုံကြီး၊ သူကလွဲလို့ ဘယ်သူမှ မလုပ်နိုင်တာတွေ ရှိတယ်။ အဲဒါ ငါသိတယ်။ (အဲဒီအချိန်က ဗိုလ်မှူးအောင်ဟာ နိုင်ငံရဲ့ အဆင့်မြင့်တာဝန်ကို ယူထားရသူတယောက်ပါ။ လွှတ်တော် ဥက္ကဋ္ဌ ထင်ပါတယ်။)

ဒီအချိန်မှာ ငါ ဗိုက်ကလည်း ဆာလိုက်တာမှကွာ ...။ အဲဒါကို ကိုအောင်ဆန်းက ရိပ်မိသွားသလားမသိဘူး----။

“ကိုကြီးအောင် … .. ထမင်းစား မလာရသေးဘူးထင်တယ်”

“ဘယ်စားရအုံးမလဲ … ခင်ဗျား သေမှာကြောက်လို့ ကျုပ် ဗိုက်ဆာနေတာတောင် အောင့်ပြီး ခင်ဗျားဆီ အပြေးလာခဲ့တာ”

ဒါနဲ့ ကိုအောင်ဆန်းက အိမ်ထဲကို ဟိုကြည့် ဒီကြည့် လှမ်းကြည့်ရင်းက မခင်ကြည်ကို လှမ်းခေါ်တယ်။

“ကြည်ရေ … ကြည် ”

မခင်ကြည်က အိမ်ခန်းထဲကနေထွက်လာပြီး … ကိုအောင်ဆန်း ဘေးနားရောက်လာတော့ ...

“ကိုကြီးအောင် ထမင်းမစားရသေးဘူး။ ပြင်လိုက်ပါဦးကွ ...” ဆိုတော့ .. မခင်ကြည်က ကိုအောင်ဆန်းကို သေသေချာချာကြည့်ပြီးမှ ဘာပြောတယ်ထင်သလဲ။

“ကျမတို့က တိုင်းချက်ထားတာလေ --- မပိုတော့ဘူး ... တဲ့”

ငါ ဒေါသထွက်လိုက်တာ မပြောပါနဲ့တော့။ ဒါနဲ့ ငါကလည်း ...

“ခင်ဗျားယောက်ျား သေမှာကြောက်လို့ ကျုပ်က လာပြောတာ။ ကျုပ်က အငတ်မဟုတ်ဘူး..” ဆိုပြီး ပြောထွက်လာခဲ့တယ်။ ကိုအောင်ဆန်းကတော့ တားတယ်။ ပြီးတော့ တဟားဟား ရယ်တယ်ကွ။

မင်းတို့ စဉ်းစားကြည့်ကွာ။ ငါပြောခဲ့သလိုပဲ။ ငါက စေတနာနဲ့ သူ့အိမ်အထိ လာပြောကိုတောင်မှ ငါက အငတ်ကြနေတာပဲ။ ထမင်းကို တိုင်းချက်ထားတာ ... တဲ့၊ မသကာ ထမင်းတအိုးတည်တော့ရော ဘယ်လောက်ကြာမှာမို့လဲ။

သူ့သမီးကျတော့လည်း ငါတို့ကို သူ့အဖေနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို လေးစားရိုသေရမှန်း မသိ …။ ပြောရရင် အများကြီးပါကွာ …။

ဗိုလ်မှူးအောင် သူပြောချင်တာတွေကို ရင်ဖွင့်ပြောလိုက်ရလို့ စိတ်ခံစားမှုတွေ ပြေပျောက်သွားတဲ့ပုံ ကျနော်တို့တွေ့လိုက်ရတဲ့အခါ … ကျနော်တို့ စိတ်သက်သာရာရသွားတယ်။ သူ့ရဲ့ရင်ထဲ အစိုင်အခဲတွေဟာ ထုတ်ပြောလိုက်မိတဲ့စကားလုံးတွေနဲ့အတူ လွင့်ပါသွားလေသလား ဖြစ်နေချိန်မှာ … …

“ဒါတွေ ထားလိုက်ပါတော့ကွာ … မစု ကို (အခေါ်ဝေါ်ပြောင်းသွားတာကို ကျနော်တို့ သတိထားမိ လိုက်ပါတယ်။) မင်းတို့ပြောလိုက်ပါ …။ သမိုင်းနဲ့ ယှဉ်ပြောချင်တယ် …။ ကိုအောင်ဆန်းဟာ တိုင်းပြည် လွတ်လပ်ဖို့နဲ့ တိုးတက်ဖို့ကလွဲရင် - သူ့စိတ်ထဲမှာ ဘာမှကို တခြားဟာတွေ မရှိတာ …. ရိုးသားတယ်။ သတ္တိရှိတယ်၊ အမျှော်အမြင်ကြီးတယ်။ သူ့ကို ဦးစောက မနာလိုဖြစ်ပြီး အကောက်အမြဲကြံနေတာကိုလည်း သူ သိတယ်။ ဒါပေမယ့် ... ... ကိုအောင်ဆန်းဟာ တိုင်းပြည်အကျိုးစီးပွားအတွက် ဘယ်တော့မှ ဦးစောကို မလိုစကား၊ အပြုအမူ မလုပ်ခဲ့ဘူးကွ။ ခေါ်တာတောင် … ဦးလေးစော … လို့ ခေါ်တာ၊ ဦးစောရဲ့ ကြိုးစား အားထုတ်ပုံတွေကို အမြဲချီးကျူးတယ်၊ ကိုအောင်ဆန်းက တိုင်းပြည်မျက်နှာကိုကြည့်ပြီး ရိုးသားစွာ ဆက်ဆံခဲ့တယ်။ ဒါပေမယ့် တဖက်က ဦးစောကတော့ သူ့ အတ္တ တမျက်နှာကိုပဲ ကြည့်တယ်။ သူ့ရာထူး၊ နေရာ၊ နာမည်ဆိုတဲ့ လောဘကိုပဲ ကြည့်တယ်”

“ကိုဘဆွေ (ရန်ကုန်ဘဆွေ)တို့ ဦးစောကို သေနတ်နဲ့သွားပစ်တော့ ဦးစောက ... ဒါ -ကိုအောင်ဆန်း ခိုင်းလို့လုပ်တာပဲ ... လို့ တဖက်သတ် စွပ်စွဲတယ်။ တကယ်တော့ ကိုအောင်ဆန်းဟာ ဒီလို အကောက်ကြံတတ်တဲ့သူ မဟုတ်ဘူးဆိုတာ … တလောကလုံး သိတယ်။ ဦးစောလည်း သိတယ်။ သိကို သိတယ်။ ငါ ပြောနိုင်ပါတယ်။ တမင် လုပ်ကြံသတ်ဖြတ်ချင်လို့ ယိုးစွပ်ပစ်လိုက်တာပါကွာ”

“သမိုင်းသင်ခန်းစာကို ယူပါ။ မမေ့လျှော့ပါနဲ့ ...”လို့ ဗိုလ်မှူးအောင်ရဲ့အသံတွေမှာ ဆို့နစ် ကြေကွဲသံတွေ ရောနှောထွက်လာခဲ့တယ်။ သူ့ရဲ့မျက်နှာပြင်ပေါ်မှာ ဆွေးမြေ့မှုတဝက်၊ ကရုဏာတဝက် က ထင်ရှားစေခဲ့တယ်။

“ကောင်းပြီလေ … ငါ မစုနဲ့ တွေ့မယ် … ငါတင်မကဘူး။ ဒီ ငြိမ်းတဖွဲ့လုံးနဲ့ တွေ့မယ်။ မင်းတို့ စီစဉ်လိုက် …။ ပြောပြလိုက်ပေါ့ကွာ”

ကျနော်တို့ ဝမ်းသာသွားကြတယ်။ ဗိုလ်မှူးအောင်ကို အားလုံးက ဝိုင်းကန်တော့ကြပြီး ကျနော်တို့တတွေ အန်တီခြံကို အပြေးကို ရောက်လာခဲ့ကြတော့တယ်။ အန်တီက တခြားသူတွေနဲ့ တွေ့နေလို့ ကြာနေတဲ့အချိန်တွေတောင်မှ စိတ်မရှည်နိုင်တော့ဘူး၊ တခြားသူတွေနဲ့တွေ့ပြီးလို့ ... ထွက်လာလာခြင်းပဲ ကျနော်တို့ရဲ့ ပွဲဦးထွက်အောင်မြင်မှုကို အားပါးတရ ပြောပြလိုက်တော့ အန်တီရဲ့ မျက်နှာပေါ်မှာ အပြုံးတွေနဲ့ … … …။

ကျနော်တို့ တွေ့ဆုံတုန်းက မှတ်တမ်းတင်လာတဲ့ တိတ်ခွေကို အန်တီလက်ထဲ အပ်နှံခဲ့တယ်။ အန်တီက ချက်ခြင်းပဲ …

“ဘဘတို့ကို ပြောလိုက်ပါ … လူကြီးတွေက အန်တီ့ဆီ မလာပါနဲ့။ မသင့်တော်ပါဘူး။ အန်တီက အငယ်ပဲ … ။ အန်တီက လူကြီးတွေရှိရာကို အရောက်လာပါ့မယ်လို့ ...”

ဒါနဲ့ ကျနော်တို့ ဗိုလ်မှူးအောင်တို့ဆီကို အကြောင်းပြန်ရပြန်ပါတယ်။ ဒီလိုနဲ့ နေ့တနေ့ကို သဘောတူခဲ့ပြီး … အန်တီက ဗိုလ်မှူးအောင် အပါအဝင် ဒီငြိမ်း အဖွဲ့ဝင်လူကြီးများကို သွားရောက် ဂါရဝပြုခဲ့ပါတယ်။

နောက်ထပ်တခါ ကျနော် ဗိုလ်မှူးအောင်နဲ့တွေ့ဆုံတဲ့အခါမှတော့ … …

“ငါ အသက်လည်းကြီးပြီ … ငါသေသည့်အချိန်ထိ … မစုကို ဝန်းရံပေးသွားမယ် ... ကူညီသွားမယ်”

ဗိုလ်မှူးအောင်ဟာ နောက်ဆုံးသေသည်အထိ ကတိတည်စွာ အန်တီစုကို ဝန်းရံပေးခဲ့ပါတယ်။ အန်တီနဲ့ ပြန်ဆုံတွေ့တဲ့အခါမှာတော့ အန်တီက ကျနော်တို့နဲ့ ဗိုလ်မှူးအောင်တွေ့ဆုံခဲ့တဲ့ အသံဖမ်းတိတ်ခွေကို နားထောင်ပြီးပြီမို့ -----

“လူကြီးတွေ စိတ်ဆိုးကြတာ တခါတရံကြတော့လည်း ချစ်စရာတော့ အကောင်းသား … သူတို့မှာ စိတ်နဲ့ အခန့်မသင့်လို့သာ”

တနေ့ ကျနော်တို့ အန်တီစုနဲ့ တွေ့ကြတဲ့အခါ ပြောမိတာက ---

“အန်တီ ...၊ အမေရိကန်သမ္မတ လင်ကွန်းက ပြောဖူးတယ်။ (The best way to destroy an enemy is to make him your friend.) ရန်သူကို အပြီးချေမှုန်းပစ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ မိတ်ဆွေဖွဲ့ခြင်းပဲ ...” တဲ့။

နောက်ပြီး.. ဆရာကြီး ဒဂုန်တာရာကလည်း ပြောဖူးတယ်။

“နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ ..." တဲ့။

“ဒါပေမယ့် ... ဗိုလ်ချုပ်အောင်ဆန်းဟာ ဦးစောကို နည်းမျိုးစုံနဲ့ မိတ်ဆွေဖြစ်အောင်ကြိုးစားပေမယ့် နောက်ဆုံး လုပ်ကြံသတ်ဖြတ်ခြင်းကိုသာ ခံလိုက်ရတယ်။ မိတ်ဆွေဖြစ် မသွားရှာဘူး။ ဒါကိုကျတော့ ဘယ်လိုနားလည်ရမလဲ” ဆိုတော့ … … အန်တီရဲ့တောက်ပတဲ့မျက်ဝန်းအစုံမှာ အဓိပ္ပာယ်တွေနဲ့ ... ခပ်ဆိတ်ဆိတ်လေး နားထောင်နေရှာတယ်။

ဘေးမှာရှိတဲ့တပ်မှူးဟောင်းကြီးတွေရဲ့ရင်ထဲမှာ ပဟေဠိ ပုစ္ဆာတပုဒ်များ ဖြစ်သွားလေရော့သလား။

အန်တီစုအိမ်ရဲ့ဘေးမှာရှိနေတဲ့ အင်းယားကန်ကို ဖြတ်တိုက်လာတဲ့ လေပြေညင်းလေးတွေရဲ့အသံကို ကြားနေရသလိုပဲ ... ... ... ။

ဆက်လက်ဖော်ပြပါမယ်။

1 comment: