16 November 2010

Maung Maung One Article for Daw Su - 5

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၅)
မောင်မောင်ဝမ်း
နိုဝင်ဘာ ၁၇၊ ၂၀၁၀

ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့သူတွေကတော့ တော်တော်များပါတယ်။ ဒီအထဲက အဓိကကျတဲ့ အကြောင်းအရာများနဲ့ အတွေ့အကြုံများကိုပဲ ဦးစားပေးတင်ပြလိုပါတယ်။

နောက်ထပ်တစ်ခါ ဝိဓူရ သခင်ချစ်မောင်လို့ လူသိများခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီးတယောက်နဲ့ ကျနော်တို့ တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့ သခင်ချစ်မောင်နဲ့ တွေ့ဆုံဖို့ကို ခွင့်တောင်းတော့ အဆင်ပြေစွာပဲ တွေ့ခွင့်ပေးခဲ့ပါတယ်။ ကျနော်တို့ကို သူ့ပါတီက ဗဟိုအလုပ်အမှုဆောင်လူကြီးတချို့နဲ့ပါ တွေ့ဆုံပေးခဲ့တယ်။ သူတို့ဘဝ သူတို့အတွေ့အကြုံတွေက ကျနော်တို့အတွက် စိတ်ဝင်စားဖွယ်ရာတွေ အများကြီး ပါခဲ့ပါတယ်။ သူပြောတာတွေထဲမှာ သဘောကျတာလေးက ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ - လူမသိသေးတဲ့စကားတွေနဲ့ အကြောင်းရာလေးပါ။ (သိပ်တော့ မထူးဆန်းပါဘူး။) ဒါပေမယ့် လေးစားစရာ ကောင်းပါတယ်။ ချစ်စရာကောင်းပါတယ်။

တနေ့ ဗိုလ်ချုပ်နဲ့ သခင်ချစ်မောင်တို့ ဒို့ဗမာအစည်းရုံး ရုံးခန်းမှာဆုံကြတော့ (အဲဒီတုန်းက ဗိုလ်ချုပ်က သခင်ပေါက်စ ဘဝပဲ ရှိပါသေးတယ်။) ဗိုလ်ချုပ်က စာအုပ်တအုပ်ကို သေသေချာချာ လေးလေးနက်နက် ဖတ်နေရာကနေ မျက်စိ၊ အကြောတွေ ညောင်းလို့ထင်ပါရဲ့။ ထလာပြီး ခါးကို ဟိုဘက်ချိုး ဒီဘက်ချိုး လုပ်ရင်း…..
“ကိုချစ်မောင်ရေ .. ခင်ဗျားကို ကျုပ် မေးခွန်းတခု မေးဦးမယ်ဗျာ ..” ဆိုတော့ သခင်ချစ်မောင်က ...

“မေးလေဗျာ .. ရပါတယ် ... ဘယ် နိုင်ငံရေး အယူအဆအကြောင်း ဆွေးနွေးချင်လို့လဲဗျ ...” ဆိုတော့ ... ဗိုလ်ချုပ်က -

“လောလောဆယ် … အဲဒါတွေ မပါသေးဘူးဗျ …၊ ကျုပ်မေးချင်တာ … ကျုပ် ဒီပုံစံနဲ့ မိန်းမရော ရနိုင်ပါ့မလားဗျာ..” ဆိုပြီး ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်တော့ သခင်ချစ်မောင်တောင် ရုတ်တရက် အံ့အားသင့်သွားတယ်။

ပြီးမှ သူက အလိုက်သင့်ပဲ ---

“ခင်ဗျား လိုချင်ရင် … ရတာပေါ့ဗျာ … ဒါပေမယ့် … ခင်ဗျားက မိန်းမပိုးချိန်ရော ရလို့လား … …”

“ပြောလည်း ခံရမှာပဲဗျ .. အဲဒီဘက်ကို မလှည့်အားဘူး … တခါတရံကျလည်း မိသားစုဘဝလေးနဲ့ အေးအေးချမ်းချမ်းလေး နေကြည့်ချင်တယ် … ဘယ်လို နေမလဲမသိဘူး။”

သခင်ချစ်မောင်ဟာ ကျနော်တို့ကိုပြောပြနေစဉ်မှာ အတိတ်ကို ပြန်လွမ်းဆွတ်နေပုံပါ။ ပြီးမှ သူကပဲ ဆက်ပြီး ...

“ဘဘ ကိုယ်ချင်းစာပါတယ်။ လူပဲလေ ... လူ့ဘဝရဲ့အရသာကို ခံစားချင်တာပေါ့ … ဒါပေမယ့် သူ့မှာ နိုင်ငံတာဝန်တွေက ဝန်ထုတ်ဝန်ပိုးဖြစ်နေတော့ လူငယ်ဘဝ လူငယ်အလုပ်တွေတောင် မလုပ်နိုင်ရှာဘူး။ အိမ်ထောင်ကျသွားတော့လည်း အိမ်ထောင်ရဲ့မိသားစုအရသာ ဘယ်လောက်ကြာကြာ ခံစားသွားရလို့လဲ။ သူ့ခမျာ ငယ်ငယ်လေးနဲ့ အသက်ဆုံးရှုံးသွားရရှာတယ်”

သခင်ချစ်မောင်ဟာ ပြောပြောဆိုဆိုနဲ့ သူထိုင်နေတဲ့နေရာရဲ့နောက်ဘက်မှာ ဖန်ပေါင်းချောင်နဲ့ ထည့်ထားတဲ့ ကိုယ်တပိုင်းပြတ် ဗိုလ်ချုပ်ရုပ်ထုငယ် ပုံလေးကိုကြည့်ပြီး လွမ်းလွမ်းဆွတ်ဆွတ် ပြောပြနေစဉ်မှာ ... ကျနော် မျက်စိကစားကြည့်လိုက်တော့ ... တဖက်မှာလည်း လီနင် ကိုယ်တပိုင်းပြတ် ရုပ်ထုကို ဖန်ပေါင်းချောင်လေးနဲ့ ထည့်ထားတာကို တွေ့လိုက်ရတယ်။ ဒါတွေဟာ သခင်ချစ်မောင်ရဲ့ ယုံကြည်ချက်နဲ့ လေးစားမှုကို ဖော်ကျူးပြသနေတဲ့ သင်္ကေတတွေ ဖြစ်နေမှာ အသေအချာပါပဲ။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဖအေတူသမီးပါ … …။ ဖအေ့ခြေရာကို နင်းနိုင်ပါတယ် …။ ဘဘ သူ့ကို ယုံတယ် ...။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အမျိုးသား လိုအပ်ချက်လမ်းစဉ်ကို ဒီကနေ့ အကောင်ထည်ဖော်ပေးနိုင်မှာ ... ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ... ကျန်တဲ့သူတွေအဖို့ သိပ်မလွယ်လှပါဘူး ….။ ဘဘတို့လည်း ကြိုးစားခဲ့တာပါပဲလေ..။ ဒါပေမယ့် မဖြစ်ထွန်းခဲ့ပါဘူး … …”

ကျနော်တို့အထဲက တယောက်က မေးခွန်းတခု မေးလိုက်ပါတယ်။

“ဘဘ ... စစ်အစိုးရရဲ့နောက်ကွယ်မှာ ဦးနေဝင်း ကြိုးကိုင်နေတယ်ဆိုတဲ့ ပြောဆိုသံများအပေါ် … ဘဘ ဘယ်လိုမြင်ပါသလဲ…”

သခင်ချစ်မောင်က ချောင်းတချက်ဟန့်လိုက်ရင်း ဘေးနားမှာရှိနေတဲ့ ရှုဆေးဗူးလေးကို ကောက်ရှုတယ် …။

“ဒါကတော့ သားရယ် ..။ ဘဘ အတတ်တော့ မပြောနိုင်ဘူးပေါ့ …။ ဒါပေမယ့် ဥပမာပေးရရင် … ချောင်းလေး တချောင်းရှိတယ် …။ ချောင်းရဲ့ ဒီဘက်မှာလည်း သမင်ခြေရာကို တွေ့နေရတယ်။ ချောင်းရဲ့ တဖက်မှာလည်း ခြေရာကိုတွေ့နေရရင် … အဲဒါ ဘာဖြစ်လိမ့်မလဲ…။ ကိုယ်ကိုယ်တိုင် မမြင်သည့်တိုင်အောင် ... သမင်ဟာ စမ်းချောင်းကို ခုန်ပြေးသွားတယ်ဆိုတာ ပြောနိုင်ပါတယ်..။ ဒီလိုပါပဲ”

“ ဘဘ … အန်တီနဲ့တွေ့ဆုံမယ်ဆိုရင် … ဘဘ သဘောထား ဘယ်လိုရှိပါသလဲ…။ နောက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ်အပေါ်မှာ ... ဘဘ ဘယ်လောက် ပူးပေါင်းပါဝင် ကူညီနိုင်ပါ သလဲ” ဆိုတော့ ... ... ...

“ဘဘ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချင်ပါတယ်…။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ်ကိုလည်း ဘဘ အကြွင်းမဲ့ ယုံကြည်တယ် ...။ ဘဘ အသက်နဲ့ ခန္ဓာရှိနေသရွေ့ အတတ်နိုင်ဆုံး ပူးပေါင်း ပါဝင်ကူညီပါ့မယ်”
ကျနော်တို့ရင်ထဲမှာ ပီတိတွေ ကိုယ်စီနဲ့ …။

ဝိဓူရ သခင်ချစ်မောင်လို့ လူသိများတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးဆီက မမေ့နိုင်တဲ့ စကားလက်ဆောင်လေးတခု မှတ်သားမိခဲ့တယ်။ အဲဒီ စကားလေးဟာ ကျနော့်ဘဝမှာ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။

အဲဒါကတော့ ... “လူထုကို ဘယ်သောအခါမှ အပြစ်မမြင်ပါနဲ့ ... တဲ့။ ဘယ်လို အကြောင်းမျိုးနဲ့မှလည်း အပြစ်မမြင်ပါနဲ့ ... တဲ့။ လူထုဆိုတာ နိုင်ငံရေးလုပ်တဲ့ အမျိုးမဟုတ်ဘူး။ သူတို့ကို နိုင်ငံရေး နားလည်အောင်လုပ်ပေးဖို့သာ လိုတယ် ... တဲ့။ ကိုယ့်ဘက်ကို ခြေလေး တချောင်း ရပ်ပေးတယ် ဆိုရင်ကို တာဝန်ကျေပါတယ် ... တဲ့”

ဘယ်လောက်ကောင်းလိုက်တဲ့ စကားလဲဗျာ။ (လူထုဟာ ကိုယ့်နောက်က မပါလို့ ... နောက်က မလိုက်လို့ဆိုပြီး ဒေါသပြင်းထန်နေသူများ ... မှတ်သားသင့်တဲ့ အဆိုအမိန့်တခုပါ။)

တခါတုန်းက ကျနော် ဖတ်ကြည့်ဖူးတဲ့ (Our daily bread) ဆိုတဲ့ ခရစ်ယာန် ဘာသာရေးစာအုပ်ထဲက အမေရိကန် သမ္မတဟောင်း ဂျော့ဝါရှင်တန် ပြောသွားတဲ့စာသားလေးကိုလည်း ပြန်ပြောင်း သတိရမိတယ် …။

“သင် မှန်တာလုပ်နေသမျှ ကာလပတ်လုံး ... သင့်ရဲ့ဘေးမှာ လူအုပ်ကြီး မမြင်ရလို့ စိတ်ဆင်းရဲနေ သလား၊ သင် မမြင်ရတဲ့ ဖြူစင်တဲ့စိတ်ဝိဉာဉ်တွေ သင့်မျက်စိတဆုံးမှာ ရှိနေပါတယ် ...” တဲ့။

ကျနော်တို့ကျောင်းသားတွေ အကုန်လုံး သခင်ချစ်မောင်ကို ဝိုင်းကန်တော့ကြပြီး ပြန်လာခဲ့ကြတယ်။

နောက်ရက်တွေမှာတော့ အန်တီစုဟာ သခင်ချစ်မောင်ရှိရာအိမ်ကို သွားရောက်ပြီး ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို ဗွီဒီယိုရိုက်ပြီး သခင်ချစ်မောင်တို့အဖွဲ့ ဖြန့်ခဲ့တာ အဲဒီကာလက တော်တော် ပြန့်နှံ့ခဲ့ပါတယ်။

ဒီလိုနဲ့ ကျနော်တို့ ကျောင်းသားလူငယ်တွေဟာ အစဉ်လာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးများကို ဂါရဝပြုဖို့ အစီအစဉ်တွေကို စတင်ရင်းနဲ့ ဆက်လက် အကောင်ထည်ဖော်ခဲ့ပါတယ်။

တကယ်တော့ ဂါရဝပြုခြင်းရဲ့နောက်မှာ ညီညွတ်ခြင်း၊ သင့်မြတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံအကျိုးကို သယ်ပိုးနိုင်ခြင်းဆိုတဲ့ ရည်ရွယ်ချက်များလည်း ပါ ပါတယ်။

ကျနော်တို့ အတိုက်အခံ နိုင်ငံရေးလောကထဲမှာကို တယောက်နဲ့တယောက် မျက်နှာချင်းဆိုင်လို့ မရအောင် မုန်းတီးခြင်းတွေနဲ့ ရင်ဆိုင်နေတဲ့သူတွေ ရှိပါတယ်။ အဲဒီလိုဖြစ်ရပ်တွေကို ပြေလည်ဖို့ဆိုတာ ဒီနည်းလမ်းက လျော်ကန် အသင့်မြတ်ဆုံးပဲ ... လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကျနော်တို့အဖွဲ့ထဲက ကျောင်းသားတွေဟာ တက္ကသိုလ်များဓမ္မာရုံကို ဂါရဝပြုပွဲအခမ်းအနား ကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သက်ဆိုင်ရာ တက္ကသိုလ် အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူး။ ကျနော်တို့ တော်တော်လေး အကြံအိုက်သွားကြတယ်။ ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်နေခဲ့ရာက ကျနော်တို့ထဲက တယောက်က အကြံပြုလာပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ခြံထဲ လုပ်ခွင့်ရရင် မကောင်းဘူးလား ... တဲ့၊ ကြိုးစားကြည့်ကြရအောင် ...” တဲ့။

ကျနော်တို့ ရင်ထဲမှာ အလင်းစလေးတချက် လင်းလက်သွားတယ်။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အန်တီ့ကို တင်ပြကြည့်မယ်ဆိုပြီး ... တနေ့မှာတော့ အန်တီ့ကို ပြောပြကြတယ်။

အန်တီက ချက်ချင်းပဲ သဘောပေါက်သွားသလား မသိဘူး။ ဒါပေမယ့် ချက်ချင်းတော့ မတုံ့ပြန်ခဲ့ဘူး။

“သူတို့လူကြီးတွေ ဆွေးနွေးလိုက်ဦးမယ်” ဆိုလို့ ကျနော်တို့ကို နောက်ထပ် ၃ ရက်လောက် အစောင့်ခိုင်းခဲ့တယ်။ ကျနော်တို့က အန်တီ့ကို တင်ပြခဲ့တာ ... “အန်တီကသာ ခြံထဲမှာ လုပ်ခွင့်ပေးပါ။ ကျန်တဲ့ကုန်ကျစရိတ် ကျနော်တို့ခံပါ့မယ်..” လို့ဆိုတော့ အန်တီက ကျနော်တို့ကို ခပ်ထေ့ထေ့လေး ပြုံးကြည့်တယ်။ (အဲဒီအပြုံးဟာ အဓိပ္ပာယ်ရှိမှန်း နောက်မှ သိလိုက်ရပါတယ်။)

နောက် ၃ ရက်လောက်အကြာမှာတော့ အန်တီက ကျနော်တို့ကို သူ့ခြံဝင်းအတွင်းမှာ အခမ်းအနား လုပ်ဖို့ ခွင့်ပြုခဲ့တယ်။ ကျနော်တို့ တော်တော်ပျော်သွားကြတယ်။ အန်တီက ကျနော်တို့ကိုကြည့်ပြီး ပြုံးရင်း လှမ်းမေးလိုက်တယ်။

“အဆောက်အဦဆောက်ရင် ပိုက်ဆံက တော်တော်ကုန်မှာ။ သားတို့ ဘယ်လိုစီစဉ်ထားသလဲ ...” တဲ့။

ကျနော်တို့အားလုံး ရုတ်ခနဲ ငြိမ်သွားပြီး ... တယောက်နဲ့တယောက် ကြည့်နေမိတယ်။

“အန်တီ သဘောပေါက်ပြီးသားပါ ...။ သားတို့ကျောင်းသားတွေ ဘယ်ကလာ ဝင်ငွေရှိမှာလဲ။ အခု အဆောက်အဦက ဆောက်မယ်ဆို ပိုက်ဆံက တော်တော်ကုန်ကျမှာဆိုတော့ အန်တီတို့ပဲ အကုန်ကျခံပါမယ်”
ကျနော်တို့ အရှက်ပြေ ရိုးတိုးရွတ ဖြစ်ကုန်ကြတယ်။ အခုမှ သဘောပေါက်မိလိုက်တာက ဟိုတနေ့က အန်တီ ကျနော်တို့ကို ခတ်ထေ့ထေ့လေး ပြုံးကြည့်တာ ဒါ့ကြောင့်ကိုး။ ကျနော်တို့အကြောင်းကို အန်တီက ရှေ့ကြို တွေးထားပြီးသား။

တကယ်တော့ ကျနော်တို့က လုပ်ချင်ဇောကြောင့်သာ အာမဘန္တေခံပြီး ပြောခဲ့ကြတာ။ လက်တွေ့မှာ ဒီကုန်ကျငွေရှာဖို့ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စပါ။

ဒီလိုနဲ့ ကျနော်တို့ သင့်မြတ်ရေးလမ်းစဉ်ကိစ္စကို ဆက်လက်ဆွေးနွေးခဲ့ကြတယ်။ ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ကိစ္စများကိုလည်း လူကြီးတွေနဲ့ တိုင်ပင်ဆွေးနွေး၊ အမြင်တွေ ဖလှယ်ရင်းက -- ကျနော်တို့ ထဲက ကျောင်းသားတယောက်က -- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ = တစည (၈ လေးလုံး အရေးတော်ပုံကြောင့် ဖျက်သိမ်းပေးလိုက်ရတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ = မဆလ မှ နာမည် ပြောင်းလိုက်သောပါတီ) ကိုဖိတ်ခေါ်ရန်ကိစ္စကို ဆွေးနွေးကြတော့ … အားလုံးက သဘောတူခဲ့ကြပါတယ်။
နောက်တယောက်က မေးခွန်းတခု ထမေးလာပါတယ်။

“ဒါဆို ဦးနေဝင်းကိစ္စကိုရော ဘယ်လိုစဉ်းစားမလဲ” ဆိုတော့ .. ဒီမေးခွန်းကို ကျနော်တို့ ရင်တုန်မိတာ အမှန်ပါ ...။ ကျနော်တို့ အဆုံးအဖြတ် မပေးရဲပါဘူး ...။ ဒီအချိန်မှာပဲ ဘဘ ဦးတင်ဦးက ထ ပြောလာပါတယ်…။

“ဦးနေဝင်းကို ဖိတ်ခေါ်ဖို့ကိစ္စက မူအရ ကမ်းလှမ်းရမှာပဲ ...။ လက်ခံတာ ... လက်မခံတာက သူ့အပိုင်းပေါ့” ဆိုတော့ ဦးအောင်ရွှေက ဦးတင်ဦးရဲ့အဖြေကို ထပ်ဆင့် ထောက်ခံခဲ့ပါတယ်။

အန်တီကတော့ လူကြီးတွေရဲ့အကြံပြုချက်များကို ခပ်မဆိတ်လေးပဲ နားထောင်နေရှာတယ်။ ဘဘ ဦးတင်ဦးကပဲ ဆက်လက်ပြီး … … …

“အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဟိုလူတော့ လာ၊ ဒီလူတော့ မလာနဲ့ .. လို့ ခွဲခြားလို့ မရကောင်းဘူး …။ ဦးနေဝင်းဟာလည်း သမိုင်းမှာ တာဝန်ရှိသူတယောက်ပဲ။ သူ့ကို ကမ်းလှမ်းသင့်တယ် …။ နောက်ပြီး နအဖ ခေါင်းဆောင်ပိုင်းတွေလည်း ကမ်းလှမ်းရမှာပဲ …။ လက်ခံခြင်း လက်မခံခြင်းက ကာယကံရှင်များရဲ့ အခန်းကဏ္ဍပဲ ...”

ကျနော်က ဘဘ ဦးတင်ဦး ပြောအပြီးမှာ မေးခွန်းတခု မေးမိတယ်...။

“ကျနော်တို့ ကျောင်းသားများအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမူအရ အားလုံးကို ကမ်းလှမ်းပါမယ် …။ ဒါပေမယ့် ပြဿနာက တစည ပါတီရယ် ... ဦးနေဝင်းရယ် ... နအဖ စစ်ခေါင်းဆောင်တွေရယ် ... ကို ဖိတ်ခေါ်ကမ်းလှမ်းရမယ်ဆိုတာကို ... ကျန်တဲ့ အင်အားစုတွေက ဝိုင်းဝန်းပြစ်တင်ကြရင် ... ကျနော်တို့ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ...” ဆိုတော့ ဦးကြည်မောင်က စကား လုံးဝ မပြောဘဲ နားထောင်နေရာကနေ ဝင်ထောက်ပေးလာတယ် …။

“မူအရ လုပ်တဲ့ကိစ္စပဲ ...။ အားလုံး နားလည်လာမှာပါ”

ကျနော်တို့ရင်ထဲမှာတော့ လူကြီးတွေရဲ့အားပေးသံတွေကြောင့် လိပ်ပြာလုံခြုံခဲ့ပါတယ်။

အဲဒီအချိန် ငြိမ်ငြိမ်လေးနားထောင်နေတဲ့ အန်တီက ---

“လုပ်ရပ်တိုင်း … လုပ်ရပ်တိုင်းမှာ ရည်ရွယ်ချက်နဲ့ စေတနာမှန်ဖို့ အဓိကပါ ...။ အထင်မှားခဲ့ရင်လည်း တဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာမှာပါ”

အားလုံး စက္ကန့်ပိုင်းမျှ ငြိမ်သက်သွားကြတယ်။ အတွေးကိုယ်စီနဲ့ ...။ ထိုင်နေရာက ညောင်းလို့ ဟန်ချက်ပြောင်းထိုင်တဲ့ အသံမှတပါး ... (တဖျတ်ဖျတ်ရိုက်နေတဲ့ ကင်မရာ ခလုတ်အသံလေးတွေက အခန်းတွင်းမှာ လူးလာပြေးနေကြတာက လွဲလို့ …) တိတ်ဆိတ်သွားနေတဲ့ အချိန်မှာပဲ … … အန်တီက အေးအေးဆေးဆေး ဝင်ပြောပါတယ်။

“ဖေဖေ့တုန်းကလည်း ဒီလိုပါပဲ ...။ သူဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တိုင်းအပေါ် အားလုံးက တပြိုင်နက်ထဲ ထောက်ခံခဲ့တာမှ မဟုတ်တာ ...။ သဘောကျတဲ့သူတွေရှိသလို ... ကန့်ကွက်တဲ့သူတွေ ရှိနေမှာပဲ ...။ ဒါဖြစ်စဉ်ပဲလေ …။ ဖေဖေဆို ဘယ်လောက် ရင်ဆိုင်ခဲ့ရသလဲဆိုတာ ဘဘတို့ (ဦးတင်ဦး၊ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးလွင်တို့ကို ရည်ညွှန်းခြင်းဖြစ်သည်) ဆို အသိဆုံးပါ။ အန်တီ မှတ်မိနေသေးတယ် … အိမ်မှာဖေဖေက စာတန်းတောင် ချိတ်ဆွဲထားတာ …။ ရိုးရိုးလေးပါ ...။

“ကိုယ်ကောင်းရင် ခေါင်း ဘယ်မှ မရွေ့ဘူး ... တဲ့"

အဲဒီနေ့က အန်တီရဲ့ခြံရှေ့ ဟောပြောပွဲလုပ်မယ့်နေ့ဖြစ်တဲ့အပြင် ဟောပြောပွဲစဖို့ကလည်း အချိန်ကနီးကပ်လာပြီမို့ … ကျနော်တို့ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့တယ်။ ကျနော်တို့ အန်တီ့အိမ်ထဲက ထွက်လာတော့ အိမ်ရှေ့မှာ ဟောပြောပွဲက စခါနီးနေပြီ၊ လူတော်တော်များများ တံခါးပေါက်ရှေ့မှာ ပိတ်နေလို့ တောင်းပန်ပြီး ကျော်ခွထွက်လာခဲ့ရတယ်။ မျက်နှာချင်းဆိုင် လမ်းတဖက်မှာရှိတဲ့ အိမ်ကြီးထဲမှာ တော့ ထောက်လှမ်းရေးများကလည်း နေရာယူလို့ စတော့မယ့် ဟောပြောပွဲအတွက် ဗွီဒီယိုရိုက်ဖို့ပါ။ လူတွေက တဖွဲဖွဲ၊ ယာဉ်ထိန်းရဲတွေက လမ်းဘေး တဖက်တချက်ကို သံဆူးကြိုးတွေနဲ့ကာထားတဲ့ အတွင်းပိုင်းမှာ ယာဉ်တန်းတွေကို လက်ပြနေတယ်။ အန်တီ ထွက်လာတယ်ဆိုရင်ပဲ ... ...

“ဒေါ်အောင်ဆန်းစုကြည် … ကျန်းမာပါစေ ...”

ထပ်ခါ .. ထပ်ခါ ဆိုတဲ့ သံပြိုင် အော်ဟစ် ဆုတောင်းပေးသံတွေက မိုးထိ ညံတက်သွားတယ်။

အန်တီက လက်လေးဝှေ့ရမ်း၊ အပြုံးတွေနဲ့ နှုတ်ဆက် … …။

ခေါင်းပေါ်မှာလည်း ပန်းတွေ ဝေဆာလို့ … … …။

ဘေးတဖက်တချက်မှာတော့ တချိန်က မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေး စစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ နောက်တယောက်က စစ်တိုင်းမှူး တာဝန်ကိုယူခဲ့တဲ့ ဗိုလ်မှူးကြီး ကြည်မောင် …။

သူတို့နှစ်ယောက်က ခြံစည်းရိုးတံခါးပေါ်က ငေါထွက်နေတဲ့ သံတိုင်လေးတွေကို ဘယ်ညာ ဆုပ်ကိုင်ထားရင်း ... မျက်လုံးတွေကတော့ ... လူထုကြီးဆီကို ဖြန့်ဝဲလို့ … … …။

“ကျမကို မေးလာတဲ့မေးခွန်းလေးက … ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလုပ်လို့ အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ … ကြောက်ရွံ့စိတ်ဖြစ်ပေါ်တတ်ပါသလား ... တဲ့ ။ သိပ်ကောင်းတဲ့ မေးခွန်းလေးပါ” …။

အန်တီဟာ သူ ဖတ်လိုက်တဲ့စာရွက်လေးကို ကိုင်ထားတဲ့လက်ကို ဘေးကိုချလိုက်ရင်း … ပရိသတ်ကို ပြုံးကြည့်လိုက်တယ် …။ ညာဘက်လက်က မိုက်ကရိုဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားရင်း …

“ကျမဟာ … သာမန်လူသားပါ ...။ ကြောက်စရာနဲ့တွေ့ရင် … ကြောက်တတ်တာပေါ့ …” (လက်ခုပ်သံများ)

“... ... ကိုယ်ယုံကြည်တဲ့အလုပ်တွေကို လုပ်တဲ့အခါ တခါတလေ .. ကြောက်ကြောက်နဲ့လုပ်ရတဲ့ အခါလည်း ရှိပါတယ် …။ ကြောက်နေတယ်ဆိုတာ တခါတလေ အကျင့်လည်း ဖြစ်တတ်တယ် …။ ဒါပေမယ့် အမြဲတန်း ကြောက်နေရင် အကျင့်ပါသွားတတ်တယ် …” (လက်ခုပ်သံများ)

“… … သတ္တိအစစ်မှန်ဆိုတာ ကြောက်လျှက်နဲ့ မှန်တာကို လုပ်ရဲတာပဲ”

ပရိသတ်ကြီးဟာ ငြိမ်သက်စွာနဲ့ အန်တီစုရဲ့ စကားလုံးတွေကြားမှာ နစ်မျောသွားတယ် ..။

တခါတရံ ကုက္ကိုင်းလမ်းမကို ဖြတ်မောင်းလာတဲ့ကားတွေရဲ့ ဟွန်းသံတွေ ထွက်ထွက်လာတာကတော့ .. စိတ်အာရုံကို အနှောက်အယှက်ဖြစ်သွားစေခဲ့တာ အမှန်ပါ..။ သို့သော်လည်း သူတို့လည်း သူတို့ခရီးကို သူတို့သွားကြတာဆိုတော့ … နားလည်ပေးလိုက်ကြပြန်ပါတယ် …။

“ဒီခေတ်မှာဆိုလို့ရှိရင် မှန်တာလုပ်သူတွေ အများကြီး အချုပ်အနှောင်ခံရတယ် …။ အများကြီး ဒုက္ခအပေးခံရတယ် …။ ဒါပေမယ့်လည်း မှန်တာမို့လို့ဆိုပြီး.. လုပ်ရဲတဲ့သတ္တိ မွေးဖို့လိုတယ် … …” (လက်ခုပ်သံများ)

လက်ခုပ်သံတွေတောင် မဆုံးခင်မှာ ကားတစီးက ဖြတ်မောင်းလာပြီး ဟွန်းသံကို မနားတမ်း ပေးတယ်။ လမ်းပေါ်မှာ ကားတွေက သိပ်ညပ်နေတာလည်း မဟုတ်ဘဲနဲ့ ... အန်တီစုနဲ့ မျက်နှာချင်းဆိုင် နားလောက်ရောက်တော့ ကားကို ဖြည်းဖြည်းလေး မောင်းလာပြီး ဟွန်းသံကို လုံးလုံး မရပ်ဘူး။

အန်တီစုလည်း စကားဆက်ပြောလို့ မရတော့ဘူး။ နားထောင်နေတဲ့ လူအုပ်ကြီးက ပွစိပွစိဖြစ်ကုန်တော့မှ ကားကို မောင်းပြေးတယ်။ မကြာခင်မှာပဲ အလားတူ ဟွန်းသံရှည်ဆွဲလာတဲ့ ကားတစီး၊ နောက်ထပ် တစီး … နောက်ထပ် … နောက်ထပ် …။

အားလုံးအတွက် စိတ်အနှောက်ယှက် ဖြစ်စေခဲ့တာတော့ အမှန်ပါ ...။ ဒါပေမယ့် အန်တီစု အပါအဝင် လူထုကြီးက စိတ်ရှည်ရှည်နဲ့ သည်းခံရှာပါတယ်။ အဲဒီလို အဖြစ်ပျက်တွေက ဟောပြောပွဲကာလ အချိန်တွေမှာ နေ့စဉ်နဲ့ဆိုသလို ကြုံတွေ့ခဲ့ရတာပါ။

တခါ စစ်ထောက်လှမ်းရေးတွေဟာ တာဝန်အရ လူတွေကို အရက်မူးအောင်တိုက်ပြီး လူအုပ်ကြီး ကြားထဲ လွှတ်လိုက်တယ်။ အရက်မူးသမားတွေက လူအုပ်ကြီးကို စိတ်အနှောင့်ယှက်ဖြစ်အောင် လုပ်တော့ တာပဲ။ သို့သော်လည်း NLD က လုံခြုံရေးယူပေးနေတဲ့ လူငယ်တွေက ဘယ်တော့မှ သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်း မပြုမူခဲ့ဘူး။ အဲဒီလိုလူတွေကို အသာပဲခေါ်ပြီး လူအုပ်ကြီးနဲ့ဝေးရာကို သွားပို့လိုက်တယ်။

စဉ်းစားကြည့်မိတယ်။ တကယ်လို့ ဒီနေရာမှာ နအဖရဲ့စစ်ဗိုလ်ချုပ်တဦး မိန့်ခွန်းပြောခဲ့ချိန် ဖြစ်မယ်ဆိုရင် ... ဒီလိုလုပ်လို့ ရနိုင်မလား …။ ချက်ခြင်းကို ထောင်ထဲပို့ပစ်လိုက်မှာ အမှန်ပါ။

အမှန်တရားတခုရှိတယ် …။

“စိတ်နဲ့တန်သော ဘဝ ... တဲ့။

“စိတ်ကောင်းရင် --- ဘဝကောင်းမယ်။

စိတ်မြင့်ရင် --- ဘဝမြင့်မယ်။

စိတ်ယုတ်ရင် --- ဘဝယုတ်မယ်။

စိတ်ကောက်ရင် --- ဘဝကောက်မယ်”

ဒီလိုယုတ်မာမှုတွေရှိသလို အင်မတန်မှ မြင့်မြတ်ဖြူစင်တဲ့ နှလုံးသားပိုင်ရှင်များကိုလည်း ဟောပြောပွဲအပြီးမှာ တွေ့ရပါတယ်။ အဲဒါကတော့ ဟောပြောပွဲပြီးလို့ ကျန်ရစ်ခဲ့တဲ့ အမှိုက်သရိုက်တွေကို လိုက်လံရှင်းလင်းပေးတဲ့ NLD ပါတီဝင်များ အပါအဝင် လူပုဂ္ဂိုလ်အချို့ပါ။

သူတို့ကို ဘယ်သူကမှခိုင်းတာ မဟုတ်ဘူး။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ကူညီကြတာ၊ ဘာ အကျိုးစီးပွားမှ မမျှော်လင့်ဘူး။ ကိုယ့်စရိတ်နဲ့ကိုယ် လာတယ်၊ သူတို့တတ်နိုင်တဲ့အားနဲ့ ကူညီကြတယ် …။

ဘယ်လောက်ချစ်စရာ … လေးစားစရာကောင်းတဲ့ ဆောင်ရွက်မှုတွေလည်းဆိုတာ … စဉ်းစားကြည့်ရအောင်ပါ ...။

ဆက်လက်ဖော်ပြပါမယ်။

No comments:

Post a Comment