06 September 2010

Maung Maung One - Ko Kyaw Thu and his Friends

ပြည်သူချစ်သော အနုပညာရှင်
မောင်မောင်ဝမ်း
စက်တင်ဘာ ၆၊ ၂၀၁၀

ဟိုတလောက အာရ်အက်ဖ်အေ သတင်းထဲမှာ အနုပညာရှင် ၄ ဦးကို အနုပညာလုပ်ဆောင်ခွင့်တွေ ပိတ်လိုက်တယ်လို့ သတင်းကြားလိုက်ရတယ်။

http://www.rfa.org/burmese/news/performers_banned_from_doing_business-09022010154636.html

နောက်ပိုင်းမှာ ကိုကျော်သူ ပြန်ဖြေရှင်းပြတဲ့ သတင်းအမှန်က ကိုညီဂျော်၊ မသန်းသန်းစိုး၊ ဂွမ်းပုံကြီး၊ ဆုရွှန်းလဲ့ တို့ အနုပညာရှင် ၄ ဦးကို နာရေးကူညီမှုအသင်း (ရန်ကုန်) အား သွားရောက် လုပ်အားပေးခြင်း၊ အနုပညာ သရုပ်ဆောင် သင်တန်းပေးခြင်း အစရှိတဲ့ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်တာကိုသာ အာဏာပိုင်တွေက ပိတ်ပင်ခြင်းဖြစ်ကြောင်း ကြားသိရတယ်။

http://www.demowaiyan.co.cc/2010/03/blog-post_17.html

ကိုကျော်သူပြောပုံအရ ရုပ်ရှင်သရုပ်ဆောင်များ လူမှုရေးလုပ်လိုပါက ရုပ်ရှင်အစည်းအရုံးမှ သဘောတူ ထောက်ခံချက် ရပါမှ လုပ်ရမည့်သဘောပင်။ (ရုပ်ရှင်သည် ပြည်သူ့အတွက် ... ပါတဲ့ဗျာ)

အဲဒီလိုတွေကြားရတော့ စိတ်မကောင်းတဲ့ကြားကပဲ သူတို့တွေကို ဂုဏ်ပြုချီးကျူး ထောပနာပြုလိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ အခုလို အပိတ်ခံလိုက်ရတာဟာ သူတို့ ကိုယ်ကျိုးအတွက်ကြောင့် မဟုတ်ဘဲ ပြည်သူချစ်သော အနုပညာရှင်တဦးဖြစ်တဲ့ ကိုကျော်သူတို့အသင်းကို သွားကူလို့ … တဲ့။ ကိုကျော်သူ ဆိုတာကလည်း အားလုံးသိကြတဲ့ အတိုင်း လူသားအကျိုးပြုလုပ်ငန်းတွေကို လက်တွေ့ကျကျ ကိုယ်ကျိုးစွန့်လုပ်ကိုင် ဆောင်ရွက်နေတဲ့သူ မဟုတ်လား။ လူသားအကျိုးပြုလုပ်ငန်းတွေကို ဘယ်လောက်ပဲ လုပ်လုပ်။ နအဖ အလိုကျ လက်အောက်ခံ မလုပ်မိလေတော့ ကိုကျော်သူခမျာလည်း လူးလိမ့်နေအောင် ခံရမယ်ဆိုတာ ပြေးမကြည့်ပေမယ့်လည်း တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်လေ။

စိတ်ထဲမတော့ အော် ... လုပ်ရက်ပါပေလို့ တွေးမိပေမယ့်လည်း နည်းနည်းလေးမှ ဆတ်ဆတ်ထိမခံတဲ့ နအဖနဲ့ လက်ကိုင်ပုဆိန်ရိုးတွေ လုပ်နေကျအလုပ်မို့ သိပ်လည်း ထူးဆန်းတယ်လို့ မထင်မိတော့ပါဘူး။ စစ်အာဏာရှင်တွေ အကြောင်းပြောရတာလည်း သူတို့တော့ ဘယ်လိုနေမလဲ မသိဘူး။ ကျွန်တော်ကတော့ ရှက်လွန်းလို့ကို မပြောနိုင်တော့ ပါဘူး။ ကျွန်တော့်တို့ငယ်ငယ်က အဖွားပြောတာကို သွားသတိရလို့ပါ။ အရပ်ထဲမှာ ခိုးဆိုး မူးယစ် သောင်းကျန်းနေတဲ့ ကိုစံမောင်းဆိုတဲ့သူအကြောင်း ကျွန်တော်က အမေ့ကို ပြောပြတော့ အဖွားက “မင်းမပြောလည်း တလောကလုံးက စံမောင်း ဘာကောင်လဲဆိုတာ သိပါတယ် ဟယ်။ ရိုးမယ်ဖွဲ့ပြောမနေပါနဲ့တော့ … တဲ့။ နင်မို့လို့ မရှက်တယ် ။ ငါဖြင့် သူ့အကြောင်း ပြောရမှာ ရှက်လွန်လွန်းလို့ … တဲ့” ။ ကျွန်တော်လည်း အဖွားပြောသလို ဖြစ်နေတာပေါ့နော။ အဲ ... လိုအပ်လာတော့လည်း ရှက်ရှက်နဲ့ပဲ နှစ် ၂၀ ကျော်လုံးလုံး အပ်ကြောင်းထပ်အောင် ပြောလာခဲ့တဲ့ အရာတွေကိုပဲ ပြန်သုံးရတော့မှာပ။

ကျွန်တော် စဉ်းစားမိတာရှိတယ်။ အခုတလော အမေရိကားမှာရှိတဲ့ မြို့တချို့မှာ နအဖ ရဲ့ပေါ်လစီကားမှာ ပါဝင် ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်မင်းသမီးတလက်ကို ဒီမိုကရေစီဘက်တော်သားများက ပြင်းပြင်းထန်ထန် ရှုတ်ချ။ ဆန္ဒပြတာနဲ့ကလည်း တိုက်ဆိုင်နေတာဆိုတော့ နအဖက ညီဂျော်တို့ကို အခုလိုလုပ်လိုက်တဲ့ လုပ်ရပ်ဟာ နအဖရဲ့ လက်တုံ့ပြန်မှုတခုလို့တောင် ယုံကြည်မိတယ်။ ဒါနဲ့ပတ်သက်လို့ကလည်း ဝိဝါဒကွဲပြားမှု အဖုံဖုံနဲ့ပေါ့။ သေချာတာ တခုကတော့ နအဖဟာ သူတို့ကိုဆန့်ကျင်ရေးနဲ့ပတ်သက်လာရင် ဘုန်းကြီးတောင် ချမ်းသာမပေးတဲ့အမျိုးဆိုတော့ လူဆိုရင်တော့ မပြောပါနဲ့။ ဖြစ်နိုင်ရင် အမှုန့်တောင်ချေပစ်လိုက်ချင်တာ။ အဲဒါကို သိသိကြီးနဲ့ အမေရိကားမှာရှိတဲ့ ဒီမိုကရေစီအင်အားစုများက အဲဒီသရုပ်ဆောင်မင်းသမီးကို ဆန္ဒပြရကောင်းမလားဆိုပြီး လူ ၂ ယောက် ၃ ယောက် လောက်က (သူတို့ကိုယ်သူတို့တော့ ဒီမိုကရေစီဘက်တော်သားလို့ ခံယူထားပုံရပါတယ်) စွာကျယ်၊ စွာကျယ်နဲ့ တုံ့ပြန်လာတာ နအဖက ရှေ့နေငှားလွှတ်လိုက်သလား အောက်မေ့ရတယ်။ တယောက်များဆို နိုင်ငံရေးသမားများ သစ္စာဖောက်ပြီ … ဆိုပြီး ခြုံပြီးတော့တောင် စော်ကားလိုက်တာ တွေ့ခဲ့ရသေးတယ်။ ကျွန်တော်က face book ထဲမှာ သူ့ကိုဝေဖန်တဲ့ မှတ်ချက်ပေးမိတာတောင် ကျွန်တော့် list ကို သူ့အကောင့်စာမျက်နှာကနေ ဖြုတ်ချပစ်ခဲ့တယ်။

ပြီးတော့ အခုဖြစ်သွားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ၄ ဦးနဲ့ပတ်သက်ပြီး ပြည်ပရောက်နိုင်ငံရေးသမားများ ဘာလုပ်ပေးနိုင်ပါ သလဲ... တဲ့။ ခနဲ့တဲ့တဲ့ သူ့ဆိုလိုချက်ကို ကျွန်တော်နားလည်လိုက်တာက အခု သရုပ်ဆောင် ၄ ဦး ကို ရုပ်ရှင်။ ဗွီဒီယို ရိုက်ကူးခွင့် ပိတ်လိုက်ရင် … သူတို့မှာ ဝင်ငွေ စီးပွားရေးပိတ်သွားပြီ။ ခင်ဗျားတို့ ဘာများလုပ်ပေးနိုင်မလဲလို့ ပြောဆို ရွဲ့လိုက်သလို ဖြစ်နေတာပါပဲ။ သူ့ဆိုလိုချက်မှာ ငွေကြေးဓနကို ဦးတည်ဟန်တူပါရဲ့။ ကျွန်တော့်အနေနဲ့ ၈၈ ရာဟူး အုပ်စုမေးလ်ထဲက မိုးကြိုးသွားဆိုသူ ရေးသွားတာလေးနဲ့ တုံ့ပြန်လိုက်ချင်တယ်။ လူထုရဲ့ ထောက်ခံအားပေးမှုက ငွေကြေးထက် တန်ဖိုးရှိတယ်ဆိုတာကိုပါ။ ဟုတ်တယ်။ ဒီနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တကမ္ဘာလုံး က သိမ့်သိမ့်တုန် ချစ်ခင်လေးစားကြတာဟာ ငွေကြေးနဲ့တိုင်းတာလို့ ရမလား။ လောကမှာ ငွေကြေးဓနထက် တန်ဖိုးရှိတာ တွေ အများကြီးရှိပါသေးတယ်။ လူထုဆိုတာ ချစ်ရင် ချီးကျူးထောပနာသံတွေနဲ့ ကြိုဆိုကြသလို ... မုန်းရင် ရတဲ့နည်းနဲ့ ဆန့်ကျင်ကြမှာပဲ။ ဒါ သဘာဝပဲ။ အခုဆို ဘာပဲဖြစ်ဖြစ် ကိုညီဂျော်တို့ မသန်းသန်းစိုး၊ ဂွမ်းပုံ၊ ဆုရွှန်းလဲ့တို့ကို လူထုက အရင်ထက်ပိုလို့ ချစ်ကြမှာ မြေကြီးလက်ခပ်မလွဲပါပဲ။ တဖက်မှာ နအဖရဲ့ ပေါ်လစီဇာတ်ကားမှာ ပါဝင်ရိုက်ကူးသူများ အတွက်ကတော့ အဆိုးဆုံးမှသည် အနည်းဆုံးအဆင့်ထိတော့ အမုန်းခံရမှာ။ ဆန့်ကျင်ခံရမှာ အသေအချာပါ။ ဒီနေရာမှာ အကြောင်းပြချက်တွေ မပေးပါနဲ့တော့ဗျာ။ ဖြစ်ရပ်တိုင်းမှာ အကြောင်းပြချက်ဆိုတာ ပြလို့ရတာချည်းပါပဲ။ နစ်နာဆုံးရှုံးမှု အတွက်ဆိုတာနဲ့ မှတ်ချက်ပေးလာခဲ့မယ်ဆိုရင် ဒီနေ့ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ တောထဲမှာ လက်နက်ကိုင် အင်အားစုတွေ သူတို့လောက် အနစ်နာခံနေရတာ ရှိနိုင်ပါဦးမလား။ ဒီနေ့ ဒီမိုကရေစီတော်လှန်ရေးဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။

ဒီနေရာမှာကြုံတုန်း ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်လေးတခုကို မှတ်တမ်းတင်ပါရစေ။ လူတွေ မသိလိုက်တဲ့ကိစ္စပါ။ ကျွန်တော် ပထမအကြိမ်ထောင်ကလွတ်လာပြီး သိပ်မကြာခင်ပဲ ကျောင်းသား လှုပ်ရှားမှုတွေ ပြန်လုပ်ဖြစ်တယ်။ အဲဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း မရှေးမနှောင်းဆိုသလို အကျယ်ချုပ်က လွတ်လာတဲ့အချိန်ပေါ့။ ကျွန်တော်တို့ တကသ (တက္ကသိုလ်ကျောင်းသားသမဂ္ဂ) ကို နိုင်ငံရေးယုံကြည်သူ ကျောင်းသားများနဲ့ဖွဲ့စည်းပြီး လှုပ်ရှားခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ တကသ ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီး နိုင်ငံရေးလုပ်ဆောင်မှုများကို သူနဲ့အတူလက်တွဲလုပ်ဆောင်ခွင့်ပါ ရခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ တကသ ဟာ အန်တီစု အိမ်ကို ချောင်းပေါက်မတတ် ဝင်ထွက်ခွင့်ရခဲ့ပါတယ်။

ဒီနေရာမှာ နိုင်ငံရေးလှုပ်ရှားမှုများကို အသာထားပြီး ပုဂ္ဂိုလ်ရေးရာ ကိစ္စလေးတခုကို ပြောပြချင်လို့ပါ။ တနေ့မှာ အန်ကယ် ဦးသိန်းရွှေ (စာရေးဆရာမ -မမေငြိမ်းရဲ့ဖခင်) နဲ့ ဆက်စပ်ခွင့်ရခဲ့တယ်။ သူက ကျွန်တော်တို့ ကျောင်းသားတွေကို တက်တက်ကြွကြွ အားပေးထောက်ခံခဲ့သူတဦးပါ။ အန်ကယ်နဲ့ စကားလက်ဆုံကျရင်းကနေ သူက ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ချင်တဲ့အကြောင်း ပြောလာပါတယ်။ ကျွန်တော်က စီစဉ်ပေးမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ ဒီလိုနဲ့ အန်ကယ် ဦးသိန်းရွှေ တွေ့မယ့် အတူတူကျန်တဲ့ တွေ့ချင်တဲ့သူတွေလည်း ရှိသေးတယ်ဆိုပြီး ကျွန်တော် စီစဉ်ခဲ့ပါတယ်။ နောက် ... တွေ့ချင်တဲ့သူက ကျူရှင်ဆရာ ဆရာဦးဌေးလှိုင် (ယခု နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မှာ နေထိုင်နေသူ)။ နောက်တယောက်ကတော့ နိုင်ငံကျော် အဆိုတော် ကိုတင်လှိုင်ပါ။ သူက ကျွန်တော့်ဇာတိ (ရေနံချောင်းသား)။ ကျွန်တော်နဲ့က အရွယ်အားဖြင့် ဦးလေးအရွယ်ရှိပေမယ့် သူ့ကို အစ်ကိုကြီးလို့ပဲ ခေါ်တယ်။ သူ့ကို ကျွန်တော့်ဇာတိ ရေနံချောင်းမြို့သူမြို့သားများက အရမ်းချစ်ကြတယ်။ အခု ကျွန်တော် တင်ပြချင်တဲ့ ပြည်သူချစ်သော အနုပညာရှင်ဆိုတဲ့ အကြောင်းအရာမှာ လူမသိ သူမသိခဲ့ရတဲ့အရာကို ဖော်ထုတ်ပြောပြချင်တာပါ။

အစ်ကိုကြီး(ကိုတင်လှိုင်)ဟာ ဒီမိုကရေစီစနစ်ကို အလွန်ယုံကြည်သူတယောက်ဖြစ်ပြီး စစ်အာဏာရှင်တွေကို အလွန် မုန်းတီးသူတယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော် မှတ်မိနေပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲကာလက ရေနံချောင်း က မဲဆန္ဒနယ်တနယ်မှာ သခင်ခင်ညွန့် (စာပေလောက စာအုပ်တိုက်ပိုင်ရှင် - ယခု ကွယ်လွန်) က NLD ကနေ ဝင် အရွေးခံပါတယ်။ အဲဒီတုန်းက ကိုတင်လှိုင်၊ စန္ဒယား တင်ဝင်းလှိုင်၊ စာရေးဆရာ ဆရာဖေမြင့်၊ ကဗျာဆရာ မောင်သွေးသစ် နောက် ကိုမြတ်ခိုင်တို့ရောက်လာပြီး အနုပညာနဲ့ ဒီမိုကရေစီတရားတွေ ဟောကြ၊ ဖျော်ဖြေကြနဲ့ပေါ့၊ လူထုကလည်း အားပေးလိုက်ကြတာ ဝက်ဝက်ကွဲပါပဲ။ အရမ်းကိုအောင်မြင်ခဲ့တဲ့ အဖြစ်ပါ။ အစ်ကိုကြီးက အဲဒီတုန်းက စန္ဒယား တင်ဝင်းလှိုင်နဲ့ တွဲဖက်ပြီးတော့ သူနာမည်ကြီးခဲ့တဲ့ ဘကြီးအောင်ညာတယ် ဆိုတဲ့သီချင်းကို ဘကြီးမောင်ညာတယ် ဆိုပြီး ဆိုခဲ့တယ်။ (၁၉၉၀ ကာလ နဝတ ခေါင်းဆောင်က ဗိုလ်ချုပ်မှုးကြီး စောမောင် ပါ) အဲဒါကို လူထုက သဘောကျလိုက်တာ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့။

ဒီလိုနဲ့ နောက်ပိုင်း ကျွန်တော်က ထောင်ထဲရောက်သွားတော့ သူနဲ့ဝေးသွားခဲ့တယ်။ ဆုံမယ့်ဆုံတော့ သူက အန်တီစုနဲ့ တွေ့ချင်လှချည်ရဲ့ဆိုတဲ့အချိန်မှာ လာဆုံကြပြန်တယ်လေ။ ဒါနဲ့ပဲ သူ့ကိုပါ ခေါ်သွားခဲ့တယ်။ အန်တီစုနဲ့တွေ့ကြတော့ အန်တီက သူတို့ကို နွေးနွေးထွေးထွေး၊ လေးလေးစားစားနဲ့ ကြိုဆို စကားတွေပြောပါတယ်။ ကျွန်တော်တို့ ကျောင်းသား အဖွဲ့က ၇ ယောက်လောက်ပါတယ်။ အဲဒီအချိန်မှာပဲ ကိုတင်လှိုင်က သူ့လွယ်အိတ်လေးထဲက တိတ်ခွေလေးတခွေကို ထုတ်လိုက်ရင်းနဲ့ အန်တီစုကို ပြောလိုက်တယ်။ “မစု … ကျွန်တော့်တသက်မှာ ဒီတိတ်ခွေလေးကို မစုလက်ထဲ အရောက်ပို့နိုင်ရင် သေပျော်ပါပြီလို့ စိတ်ကူးထားတာ။ အခု ကျွန်တော့်စိတ်ကူးအိပ်မက်တွေ ပြည့်သွားလို့ ကျွန်တော် အရမ်းကို စိတ်ချမ်းမြေ့ သွားပါပြီ” ဆိုပြီးပြောလိုက်တော့ အန်တီစုက ...“ဒါပေမယ့် ဆရာဦးတင်လှိုင်ရယ် … သေတော့ မသေလိုက်ပါနဲ့ဦး။ အနုပညာနဲ့ ပြည်သူတွေကို အလုပ်ကျွေးဆက်ပြုပါဦး” ဆိုတော့ အားလုံးက ရယ်ကြတယ်။ နောက် ကိုတင်လှိုင်က ဆက်ပြောတယ်။ “ဒီသီချင်းခွေရဲ့ခေါင်းစဉ်က ထာဝရ နှင်းဆီ … တဲ့။ အဲဒါ မစုကို ကျွန်တော်ဂုဏ်ပြုသီဆို ထားတဲ့ သီချင်းခွေပါ” ဆိုတော့ အန်တီစုက … “ဒါဆို အဲဒီအခွေ အပိတ်မခံရတာ ကံကောင်းတာပေါ့နော်” လို့ အန်တီကပြောတော့ … ကိုတင်လှိုင်က “အဖွဲ့အနွဲ့ အလင်္ကာတွေနဲ့ရေးထားတော့ စိစစ်ရေးက သဘောမပေါက်လို့ လွှတ်ပေးလိုက်တာပါ မစု” လို့  ကိုတင်လှိုင်က ပြုံးပြုံးကြီး ပြန်ဖြေခဲ့ပါတယ်။

အန်တီနဲ့တွေ့အပြီးအပြန်မှာ အစ်ကိုကြီးကိုတင်လှိုင်ဟာ အရမ်းကိုပီတိတွေဖြစ်ကာ ပျော်လာပုံရပါတယ်။ ကျွန်တော် သူ့ရဲ့သီချင်းခွေ ထာဝရနှင်းဆီ ကို ခဏခဏ နားထောင်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ သီချင်းက အန်တီစုအတွက် ရည်ရွှယ်ပြီး ဂုဏ်ပြုသီဆိုခဲ့တာဆိုတာကို မသိခဲ့တာ အမှန်ပါ။ ဒီလိုနဲ့ အစ်ကိုကြီး ကိုတင်လှိုင်ရဲ့ပျော်ရွှင်မှုတွေဟာ မကြာလိုက်ပါဘူး။ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ အရည်ပျော်သွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ သွားတွေ့စဉ်အချိန်က ကျွန်တော်တို့အုပ်စုထဲမှာ သတင်းပေး (informer) ပါလာတယ်ဗျာ။ ကျွန်တော်တို့မသိခဲ့တာ ကြီးစွာသော အမှားကြီးတခုပါ။ ညံ့တယ်ပြောရင်လည်း ခံဖို့အသင့်ပါပဲ။ အဲဒီသတင်းပေးကတဆင့် ထောက်လှမ်းရေးဆီ သတင်းပေါက်သွားတယ်လေ။ အဲဒီအချိန်ကစလို့ အစ်ကိုကြီး ကိုတင်လှိုင် ကို သီချင်းသီဆိုခွင့် ပိတ်လိုက်တယ်။ အခွေထုတ်ခွင့် မရတော့ဘူး။ စင်ပေါ်တက် ဖျော်ဖြေခွင့်တောင် မပေးတော့ဘူး။ မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွှင့်နေတဲ့ သူ့သီချင်းတွေကိုလည်း ပိတ်ပစ်လိုက်တယ်။ တဆက်ထဲမှာပဲ ဆရာမ မမေငြိမ်းရဲ့ဖခင် အန်ကယ် ဦးသိန်းရွှေက အဲဒီအချိန်က Free bird tour ဆိုတဲ့ ခရီးသွားလုပ်ငန်း ကုမ္ပဏီထောင်ထားတာ တော်တော်အောင်မြင်ခဲ့ပါတယ်။ အဲဒီမှာ အန်ကယ်က မန်နေဂျင်း ဒါရိုက်တာ တာဝန်ယူထားတယ်။ အန်ကယ့်ကိုလည်း အဲဒီ ကုမ္ပဏီကနေ ထုတ်ပစ်ဖို့ ဒါရိုက်တာအဖွဲ့ကို ထောက်လှမ်းရေး က ဖိအားပေးခဲ့တယ်။ နောက် သတင်းကြားရတာကတော့ အန်ကယ် ထွက်လိုက်ရတယ်လို့ ကြားခဲ့ပါတယ်။

အစ်ကိုကြီး ကိုတင်လှိုင်က စိတ်ပျက်ကာ စိတ်ဓာတ်ကျမသွားပါဘူး။ ကျွန်တော့်ဇာတိမြို့ပြန်လာတော့ အစ်ကိုကြီးလည်း လိုက်လာတယ်။ တနေ့ အစ်ကိုကြီးက သောက်ထားတော့ နည်းနည်းလေး ထွေနေတယ်။ ည ၈ နာရီလောက်လို့ ထင်တယ်။ ဆိုင်ကပြန်လာပြီး လမ်းဆုံတခုရောက်တော့ မီးသတ်ရေကန်တခု ရှိတယ်။ မပြောမဆို အဲဒီကန်ပေါ် တင်ပလ္လင်ခွေ ထိုင်တဲ့ပြီး ပုဆိုးက ဒူးပေါ်ထိ မ တင်ထားပြီး … ပြောဆိုပါတယ်။ “အခုချိန်ကစပြီး တင်လှိုင်ရဲ့ စင်တင်သီဆိုမှု အစီအစဉ် စပါတော့မယ်ခင်ဗျား” ဆိုပြီး ကြေငြာလိုက်တယ်။ လူကလည်း များများစားစား ဘယ်သူမှရှိတာ မဟုတ်ပါဘူး။ မှတ်မိသလောက် ၄ ယောက်လောက်ပဲ ရှိမယ်။ သူက ဆက်ပြောသေးတယ်။ “စစ်အာဏာရှင်တွေက တင်လှိုင်ရဲ့ အနုပညာလုပ်ဆောင်ခွင့်တွေကို ပိတ်လိုက်ပေမယ့် တင်လှိုင်ရဲ့နှလုံးသားကိုတော့ ပိတ်လို့မရဘူး။ တင်လှိုင် သီချင်းတွေ ဆိုမယ်။ အခု စဆိုပါတော့မယ်” ဆိုပြီး တပုဒ်ပြီး တပုဒ်ဆိုတော့တာပဲ။ ထူးခြားတာက သူ့ရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတပုဒ်ကို သီဆိုပြီးတိုင်း ထာဝရနှင်းဆီ ဆိုတဲ့သီချင်းကို ထပ်ခါထပ်ခါ ဆိုတယ်။ ရင်ထဲခံစားမှုအပြည့်နဲ့ ဆိုတယ်။ လမ်းပေါ်မှာ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ လူတချို့ကပါ မနေနိုင်တော့ဘူးထင်ပါရဲ့။ သူသီဆိုတာကို ရပ်နားထောင်ကြတာ ၁၀ ယောက်လောက် ဖြစ်လာတယ်။ သူသီချင်းဆိုအပြီး ခနလေးနားတဲ့အချိန်မှာပဲ သီဆိုမှုကို သဘောကျလို့ ရပ်နားထောင် နေတဲ့အထဲက တယောက်က “အစ်ကိုကြီး သီချင်းဆိုတာ သိပ်ကောင်းတာပဲဗျာ - အသံကလည်း တကယ့် အဆိုတော် ကိုတင်လှိုင်မှ ကိုတင်လှိုင်ပဲ။ အဆိုတော် ကိုတင်လှိုင်အစစ်တောင် အခု အစ်ကိုကြီး သီဆိုတာကို မီမယ်မထင်ဘူး” လို့ ဝင်ပြောလိုက်တော့ ကျွန်တော်တို့မှာ ရီလိုက်ရတာဗျာ။ အော် … နောက်တခုက ညဘက်လည်းဖြစ်ပြန် ... မှောင်ကလည်း မှောင်နေတော့ သိပ်လည်းသဲသဲကွဲကွဲ မမြင်ရဘူးလေ။ ကိုတင်လှိုင်ရဲ့ အနုပညာကို ပိတ်ပင်ခံလိုက်ရတာ ပြန်လုပ်ခွင့်ရ မရ ကျွန်တော် မသိတော့ဘူး။ နောက်လူတွေဆို ကိုတင်လှိုင်ဆိုတာ ကြားတောင် မကြားဘူးတော့ပါဘူး။ စစ်အာဏာရှင်တွေ လက်အောက်မှာ မိမိယုံကြည်တဲ့ ဒီမိုကရေစီအတွက် ပေးဆပ်ခဲ့ရတဲ့ နိုင်ငံကျော်အဆိုတော် ကိုတင်လှိုင်အကြောင်းလေး ပါ။
နောက် ပေးဆပ်ခဲ့သူတွေထဲက တယောက်က မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်တွေမှာ တခါက နာမည်ကျော်ခဲ့တဲ့ ရွှေသံစဉ် တီးဝိုင်းရဲ့ ဂီတမှူး ကိုဝင်းမော် ပါ။ (အခုလက်ရှိ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ထောင်ထဲမှာ) သူဆို ထောင်ကျတာ ၂ ခါ ရှိပါပြီ။
နောက်တဦးက လူငယ်တွေကြားမှာ ယခုထက်တိုင် ရေပန်းစားဆဲ နိုင်ငံကျော် စတီရီယို အဆိုတော်တယောက်ဆိုလည်း ၁၉၉၅ ဝန်းကျင်လောက်က အန်တီစုရဲ့ဟောပြောပွဲ အခွေတွေကို သူ့စရိတ်နဲ့သူကူးပြီး လူထုဆီ ပို့ပေးတဲ့အလုပ်ကို တာဝန်ယူလုပ်ခဲ့တာပါ။ သူဟာ ယနေ့ထက်တိုင် ပေါ်လစီသီချင်း သီဆိုခဲ့တယ်လို့ မကြားမိပါဘူး။ ဒီလိုလူတွေ အများကြီး ရှိပါတယ်။

အချုပ်ပြောရရင် လူထုဟာ အချဉ်မဟုတ်ဘူး။ ဘယ်သူဟာ လူထုအတွက်ရပ်တည်သလဲ။ ဘယ်သူဟာ စစ်အာဏာရှင် လက်ကိုင်တုတ်လည်းဆိုတာ ခွဲခြားသိမြင်တတ်ပါတယ်။ အခုမှ သရုပ်ဆောင်လောကမှာ စတက်လာပြီး အရှိန်ရခါစ မင်းသမီးပေါက်စ မပြောနဲ့။ အနုပညာ သြဇာကြီးခဲ့တဲ့ ရုပ်ရှင်မင်းသား ကျော်ဟိန်း (အဲဒီကာလက သူ့ကို မလိုသူတွေက - တစည အတွက် စည်းရုံးရေး လုပ်ပေးနေပါတယ်လို့ ပြောဆို လုပ်ကြံဝါဒဖြန့်ခဲ့ကြတာ ...) အဲဒီကာလမှာ ကျော်ဟိန်းဟာ ပြည်သူရဲ့မုန်းတီးခြင်းဒဏ် ခံခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှ သူကိုယ်တိုင် သတင်းစာထဲကနေ ရှင်းလင်းချက်နဲ့ မနည်း ထုတ်ရှင်းလင်းခဲ့ရလို့ သက်သာရာရသွားတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။) ပြည်သူဟာ သူတို့ပြောခွင့် လုပ်ခွင့် မသာရင်သာ ငြိမ်နေမယ်။ အခွင့်သာတာနဲ့ တုံ့ပြန်ကြမှာပါပဲ။
အခုဖြစ်သွားတဲ့ အနုပညာရှင် ၄ ဦးဆိုရင် ကိုကျော်သူနဲ့ပဲပတ်သက်လို့ အနုပညာလုပ်ကိုင်ခွင့်ပဲ ရပ်ဆိုင်း ခံလိုက်ရတာ တော်သေးတယ်လို့ မှတ်ယူရမှာပါပဲ။ ကိုဝင်းမော်လို ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင် ထောင်ထဲထည့်မှာ မလွဲပါဘူး။ ဒီလောက် ဆတ်ဆတ်ထိမခံ ဖြစ်နေတဲ့ စစ်အာဏာရှင်တွေထက်စာရင် … အမေရိကားမှာ ဆန္ဒပြကြတဲ့ ဒီမိုကရေစီ အင်အားစုများရဲ့လုပ်ရပ်ဟာ တရားပါတယ်။ သိပ်ကိုတရားပါတယ်။ ပြည်သူအတွက်ရပ်တည်ရင်း အစတေးခံလိုက်ရတဲ့ အနုပညာရှင် ကိုညီဂျော်၊ မသန်းသန်းစိုး၊ ဂွမ်းပုံကြီးနဲ့ ဆုရွှန်းလဲ့ အပါအဝင် အားလုံးသော ပြည်သူဘက်က ရပ်တည်တဲ့ ပြည်သူချစ်သော အနုပညာရှင်အားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ ။

မောင်မောင်ဝမ်း

မြေလတ် ကျောင်းသားခေါင်းဆောင်
(ခေတ္တ - အမေရိကန်ပြည်ထောင်စု)

1 comment:

  1. သိပ်ကောင်းတဲ့ ဆောင်းပါးတပုဒ်ပါဗျာ။ လူတိုင်း ဖတ်ဖြစ်အောင်ဖတ်ကြစေချင်ပါတယ်။ ကိုတင်လှိုင်အကြောင်းကို ဖေါ်ထုတ်ပေးတဲ့အတွက် စာရေးသူကို အထူးကျေးဇူးတင်ပါတယ်။ ကိုတင်လှိုင်ကိုလည်း ပိုလို့နှစ်သက်လေးစားသွားပြီ။
    ကိုလေး။

    ReplyDelete