11 October 2010

Yan Win (Taung Da Gar) – Mon Pon gu phyar

ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ (၁)
မွန်ပုံဂူဘုရားများ
ရန်ဝင်း (တောင်တံခါး)
အောက်တိုဘာ ၁၂၊ ၂၀၁၀

“နှလုံးမှာ ဖြူစင်ကြယ်နဲ့
လူတွင်ကျယ် ပုဂံသားတွေတို့

ကိုယ့်အားကို ကိုယ်ယုံကိုးကာပ

ကိုယ့်မျိုးဂုဏ် တမာန်တက်ပေလိမ့်။”


ဇော်ဂျီ
၁၉၃၆

ပုဂံမြို့ရှေးဟောင်းဘုရားစေတီတွေမှာရှိတဲ့ ရှေးဟောင်းလက်ရာတွေက ထိန်းသိမ်း ဂုဏ်ယူကြရမယ့် အမျိုးသားအမွေအနှစ်တွေပါ။ အဆင့်အတန်း မြင့်မားတဲ့ ယဉ်ကျေးမှုအနုပညာ အတိမ်အနက်ကိုလည်း ပြသနေပါတယ်။

ဒီကနေ့ ပုဂံမြို့ဟောင်းရဲ့ ပတ်ပတ်လည် မိုင်၂ဝလောက် အဝန်းအတွင်းမှာ ဂူဘုရား၊ မြေပေါက်စေတီ၊ ထူပါ၊ ပုထိုး၊ ဥမင်၊ အုတ်ကျောင်း၊ အုတ်ကုန်း၊ မြို့ရိုးနဲ့ ရေကန်ကြီးတွေ အပါအဝင် ရှေးဟောင်းအဆောက်အဦ စုစုပေါင်း ၂၂၁၇ ခု ရှိပါတယ်။ ‘လှည်းဝင်ရိုးသံ’ လို့ ရှေးက အမှတ်အသားထားခဲ့တဲ့ ၄၄၄၆ ခုထဲမှာ တဝက်လောက် ပျက်စီးပျောက်ကွယ်သွားခဲ့ပါပြီ။

အဲဒီကျန်နေသေးတာတွေမှာ ဖျက်တဲ့သူကဖျက်လို့ ပျက်ခဲ့သလို၊ သဘာဝ ဘေးဒဏ်တွေကြောင့်လည်း ပျက်စီးခဲ့ရတယ်။ သဒ္ဓါတရားတခုထည်းကိုပဲ ဦးတည်ရည်ရွယ်ပြီး ခေတ်အဆက်ဆက်မှာ မဆင်မခြင် ပြုပြင်ပေါင်းလည်း များခဲ့လှပြီ။ အဲဒီလို ပြင်လို့ ပျက်သွားရပြီး အသစ်ဖြစ်လာတာတွေကိုတော့ ပုဂံလက်သစ် (Defacing Old Bagan) လက်ရာတွေလို့ ဆရာကြီး ဒေါက်တာသန်းထွန်းက ညွှန်းဆိုခဲ့တယ်။

ရှေးဟောင်းသုတေသနဌာနရဲ့လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေမှာ ရှေးဟောင်းပစ္စည်းကို မပျောက်ဆုံးအောင် ထိန်းသိမ်းရတယ် (conservation)၊ နောက်ထပ်မပြိုပျက်အောင် ကာကွယ်ရတယ် (preservation)၊ မူရင်းပုံစံမပျက် ပြန်လည်တည်ဆောက်ရတယ် (restoration) ဆိုတာတွေ ရှိပါတယ်။

အဲဒီအချက်တွေကို အလေးအနက်ထားပြီး မလိုက်နာရုံမက၊ လုပ်သင့် မလုပ်သင့်ကိုလည်း မချင့်ချိန်ပဲ ကိုယ့်သဘောနဲ့ကိုယ် ကောင်းမယ်ထင်သလို ပြုပြင်ကြမယ်၊ အသစ်ထပ်ဖြည့်ကြမယ်၊ ထုံးပွတ် ဆေးသုတ်လုပ်ကြမယ်ဆိုရင်တော့ သစ်လွင်နေတာတွေကို မြင်ကြရမှာပါ။ ဒါပေမယ့် မူရင်းပုံစံမပျက်တဲ့ လက်ရာတွေမဟုတ်ရင်တော့ ပေါ်ပေါ်ထင်ထင်ပဲ သတိထားမိနိုင်ပါတယ်။ စိတ်ဝင်တစားနဲ့ တန်ဖိုးထားပြီး လေ့လာသူတွေအတွက်မှာလည်း ပုဂံလက်သစ်လက်ရာတွေကိုမြင်ရတဲ့အခါ ရှေးပုဂံခေတ် ပိသုကာလက်ရာ ဆိုတာ ဒီလိုမျိုးပါလို့ ဂုဏ်ယူနိုင်ပါ့မလား။


ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီတွေကို မြေပေါက်စေတီ နဲ့ ဂူဘုရား လို့ နှစ်မျိုး ခွဲခြားနိုင်ပါတယ်။
ပါဠိဘာသာ ဂူဟ ကတဆင့် ဂူ ဆိုတဲ့ဝေါဟာရ ဖြစ်လာပါတယ်။ မူလအဓိပ္ပာယ်က လျှို့ဝှက်ရာ၊ ကိန်းအောင်းရာ ဖြစ်ပါတယ်။ မြေအောက်နဲ့ တောင်ခါးပန်းတွေမှာရှိတဲ့ တရားကျင့်ရာ လိုဏ်ခေါင်းတွေကို ခေါ်တာပါ။ နောက်ပိုင်းမှာတော့ လိုဏ်ဂူပါတဲ့ဘုရားတွေကို ဂူဘုရားလို့ ခေါ်ကြတယ်။ ပုဂံခေတ်ကျောက်စာတွေမှာ ကူ၊ ကူပုရှာ (ဂူ၊ ဂူဘုရား) လို့ ရေးထိုးတတ်တယ်။

တည်ထားတဲ့နှစ်ကာလကို မူလ ကျောက်စာ၊ မင်စာတွေအထဲမှာ တွေ့ရတဲ့ ခုနှစ်သက္ကရာဇ်တွေက သိရတာရှိသလိုပဲ ခေတ်ပြိုင် ကျောက်စာ၊ မင်စာတွေအထဲမှာ တွေ့ရတာတွေလည်း ရှိပါတယ်။ အများအားဖြင့် သိပ်ပြီးရှေးကျတဲ့ ဂူဘုရားတွေမှာ မှတ်တမ်းမတွေ့ရသလောက်ပါ။ ပုံစံ နဲ့ လက်မှုပညာ အလုပ်အဆောင်တွေ အရပဲ မှန်းဆကြရပါတယ်။

ဘွဲ့အမည်ခေါ်တွင်ကြရာမှာတော့ ကျောက်စာ၊ မင်စာတွေအထဲကတွေ့ရတဲ့ အမည်တွေ၊ ရပ်ရွာကခေါ်ကြတဲ့ အမည်တွေနဲ့ ရှေးဟောင်းသုတေသန (ကမ္ပည်းကျောက်စာဌာန) ကပေးထားတဲ့ အမည်တွေအတိုင်းပဲ တွင်နေပါတယ်။

ပုဂံမြို့ဟောင်းက ဂူဘုရားတွေမှာ တဆူနဲ့တဆူ ထပ်တူထပ်မျှ လုံးဝတူတာမျိုး မရှိပေမယ့် ပုံစံဆင်တူတာတွေ ရှိပါတယ်။ အဲဒီလို လက်ရာဆင်တူမရှိပဲ တဆူထည်းရှိတာကတော့ မြင်းပြဂူ ဂူဘုရား(၁၄၉၃/၈ဝ၆) ဖြစ်ပါတယ်။ ခပ်နိမ့်နိမ့်လေးထောင့် ဂူကြီးအပေါ်မှာ စေတီကြီးပေါက်ထားပြီး ဂူအတွင်းမှာ လိုဏ်ပတ်လမ်းနှစ်ဆင့်နဲ့ ထူးခြားတဲ့ပုံစံရှိတာကြောင့် သီးခြားဖော်ပြရပါလိမ့်မယ်။ ထိလိုင်မင်းကြီးလက်ထက်လောက်က တည်တာ ဖြစ်နိုင်သလိုပဲ၊ အဲဒီလောက်မကပဲ အနိရုဒ္ဓမင်းကြီးလက်ထက် ၁၁ ရာစုအထိလည်း ရှေးကျနိုင်ပါတယ်။

မြင်းပြဂူ ဂူဘုရား (၁၄၉၃/၈ဝ၆)

ပုဂံဒေသမှာ တခုထည်းရှိတဲ့ နောက်တဆူကတော့ ထိလိုင်မင်းကြီးလက်ထက်လောက်မှာ တည်ထားတာ ဖြစ်နိုင်တဲ့ ဟိန္ဒူ ဘုရားကျောင်း၊ နတ်လှောင်ကျောင်း (နတ်လျောင်းကျောင်း) ဖြစ်ပါတယ်။ ပြိုကျသွားခဲ့လို့ မတွေ့ရတော့ပေမယ့်အပြင် နံရံတထပ်၊ အမိုးခုံး နဲ့ လိုဏ်ပတ်လမ်းတွေရှိခဲ့နိုင်ကြောင်း အထောက်အထားတွေကို နောက်ထပ်အသစ်မပြုပြင်ခင်တုန်းက တွေ့ရပါတယ်။

နတ်လှောင်ကျောင်း (၁၆ဝဝ/၉ဝ၈)

ပုဂံမြို့ဟောင်းမှာ တွေ့ရတဲ့ ဂူဘုရားအမျိုးအစားကို ပုံစံအလိုက် ထပ်ပြီးခွဲခြားတဲ့အခါ ခေါ်ရလွယ်ကူအောင် မွန်ပုံဂူဘုရားနဲ့ မြန်မာပုံဂူဘုရား လို့ သမိုင်းသုတေသီ ဆရာကြီးတွေက အမည်ပေးခဲ့တယ်။ ဘယ်လို အချက်အလက်တွေကို ထောက်ထားပြီး မွန်ပုံဂူဘုရား နဲ့ မြန်မာပုံဂူဘုရား လို့ ခွဲခြားပြီးခေါ်ရသလဲ ဆိုတာကိုလည်း သမိုင်းသုတေသီ ဆရာကြီးတွေက ရှင်းပြထားခဲ့ကြတယ်။

မွန်ပုံဂူဘုရားတွေက တည်ငြိမ်ဝပ်စင်းတဲ့ အလျားလိုက်မျဉ်းလဲပုံသဏ္ဍန်ကိုဆောင်ပြီး မြန်မာပုံဂူဘုရားတွေက အထက်ကို စွင့်စွင့် မြင့်တက်နေတဲ့ ထောင်လိုက်မျဉ်းမတ်ပုံသဏ္ဍန်ကို ဆောင်ပါတယ်။ မွန်ပုံဂူဘုရားတွေက မြန်မာပုံဂူဘုရားတွေထက် အများအားဖြင့် ပိုပြီးရှေးကျပါတယ်။ ရှေးဦးအကျဆုံးဖြစ်တဲ့ မွန်ပုံဂူဘုရားတွေကို အခြေခံပြီးမှ နောက်ထပ် တည်ဆောက်လာခဲ့ကြတဲ့ ဂူဘုရားပုံစံ ပြောင်းလဲလာပုံတွေကိုလည်း ဆက်လက် လေ့လာနိုင်ပါတယ်။

မွန်ပုံဂူဘုရားတွေမှာ တွေ့ရလေ့ရှိတာတွေကတော့ ပုံစံရိုးရိုးတထပ်ဂူ၊ မုခ်ပေါက်တခု၊ ဂူအထက်မှာ ပစ္စယံအဆင့်မပါတဲ့ တဖက်လျှောအမိုးခုံး၊ ထုထည်ကြီးမားတဲ့နံရံ၊ နံရံအောက်ခြေကစပြီးတက်လာတဲ့ခုံးပုံစံ၊ ရှေးဟောင်းပဓာနအုတ်ရိုး ဆင်းတုတော်ပုံစံ၊ ဂူအတွင်းမှာ အလင်းရောင်နည်းတဲ့ မှုန်မှုန်မွှားမွှား မှောင်ပတ်လမ်း၊ ကျောက်ထွင်းဇာပြူတင်းပေါက် နဲ့ ရှေးမွန်စာ ကမ္ပည်းစာတမ်းထိုး နံရံပန်းချီတွေပါ။ ဒီကနေ့အထိလည်း မွန်ပုံဂူဘုရားတွေထဲမှာ ရှေးမွန်ကမ္ပည်းစာတွေကို အနည်းနဲ့အများ ထပ်ပြီးရှာဖွေတွေ့ရှိနေပါသေးတယ်။

ပိသုကာလက်ရာအနေနဲ့ဆိုရင် မွန်ပုံဂူဘုရားတွေမှာ အရွယ်အစားနဲ့ အသေးစိတ်ခြယ်မှုန်းတဲ့ အလုပ်အဆောင်တွေမှာသာ ကွာခြားပြီး တည်ဆောက်ပုံအခြေခံသဘောမှာတော့ အတူတူပါပဲ။ ဂူအထက်ပိုင်းမှာ ကွမ်းထောင်/ပန်းတောင်း (သိခရ) ပေါက်၊ ထူပါပေါက်၊ စေတီပေါက် အမျိုးမျိုးတွေ့ရပါတယ်။ ၁၂ ရာစု နဲ့ ၁၃ ရာစု နောက်ပိုင်းကျလေ အဆင်တန်ဆာနဲ့ အမွှမ်းအပြောက်တွေ ပိုများလာလေဖြစ်ပါတယ်။

မှတ်သားရသလောက်ဆိုရင် မွန်ပုံဂူဘုရားတွေထဲမှာ ပုဂံခေတ်ဦးလက်ရာ တောင်ဘီရွာအနောက်တောင်ဘက် ဝပ်ကျင်းဂူဘုရား (၁၉၆၇/၁၂၃၆)၊ တောင်ဘီရွာအနောက်ဘက် မွန်ပုံဂူဘုရား (၂ဝ၁၃/၁၃ဝ၉)၊ လိုဏ်ရှည်ဂူဘုရား (၃၈၆/၂၃၅-က)၊ ဂူပိစပ်ကြီး (၁၆၆၂/၉၉၆)၊ ပုထိုးသားများ (၁၆ဝ၅/၉၁၃)၊ အာနန္ဒာဂူဘုရားကြီး (၂၁၇၁/၁၄၆၅)၊ နဂါးရုံဂူဘုရား (၁၁၉၂/၅၃ဝ)၊ အပါယ်ရတနာဂူဘုရား (၁၂ဝ၂/၅၄ဝ)၊ ဖြတ်စရွှေဂူ (၁၂၄၉/၅၈၄)၊ မြင်းကပါ ဂူပြောက်ကြီး ဂူဘုရား (၁၃၂၃/၆၄၇)၊ အလိုပြည့်ဂူဘုရား (၃၇၄/၂၂၈)၊ ဝက်ကြီးအင်းဂူပြောက်ငယ် (၂၈၅/၁၉၃-က)၊ နန်းဘုရား (၁၂၃၉/၅၇၄) နဲ့ ပုဂံခေတ်လည်ခေတ်က ဓမ္မရံကြီး (၇၇၁/၃၆၅) နဲ့ တို့ ပါဝင်ပါတယ်။ ဒီစာရင်းမှာမပါပဲ ကျန်ရှိနေတဲ့ မွန်ပုံဂူဘုရားတွေ ရှိပါသေးတယ်။

ပုဂံခေတ်ဦးစောစောပိုင်း ၁၁ ရာစုလောက်ကတည်ထားတယ်လို့ ယူဆရတဲ့ ပုဂံမြို့၊ တောင်ဘီရွာ အနောက်တောင်ဘက် က ဝပ်ကျင်းဂူဘုရားနဲ့ တောင်ဘီရွာအနောက်ဘက် မွန်ပုံဂူဘုရားတွေက ရှေးအကျဆုံး ဖြစ်နိုင်ပါတယ်။ ထိလိုင်မင်းကြီး လက်ထက်မှာဖြစ်ဖြစ်၊ ပိုပြီးစောတဲ့အချိန်မှာဖြစ်ဖြစ် တည်ခဲ့တာ ဖြစ်နိုင်ပါသေးတယ်။

ဝပ်ကျင်းဂူဘုရားမှာ ဂူတွင်းကြမ်းပြင်က ပြင်ပမြေပြင်ထက် သုံးပေလောက်နိမ့်နေပြီး လှေခါးထစ်သုံးထစ် ဆင်းရပါတယ်။ ဒါကြောင့်ပဲ ဝပ်ကျင်းဂူ လို့ခေါ်တွင်ပါတယ်။ ပုံစံကရိုးရိုးနဲ့ မြေပေါ်ကို လုံးလုံးလျားလျား ရောက်မလာသေးတဲ့ မြေတွင်းဂူပုံစံမျိုး ရှိနေသေးတဲ့သဘောပါပဲ။

ပုဂံမြို့တောင်ဘီရွာ အနောက်တောင်ဘက်က မွန်ပုံ ဝပ်ကျင်းဂူဘုရား (၁၉၆၇/၁၂၃၆) ပန္နက်ပုံ

ပုဂံမြို့တောင်ဘီရွာ အနောက်ဘက်က မွန်ပုံ ဂူဘုရား (၂ဝ၁၃/၁၃ဝ၉) ဖြတ်ပိုင်းပုံကိုကြည့်ရင် မွန်ပုံဂူဘုရားတွေမှာ ပြင်ပ အမိုးခုံးလျှောနဲ့ အတွင်းက ခုံးတက်လာပုံတွေ တွေ့နိုင်ပါတယ်။ ဝပ်ကျင်းဂူဘုရား နဲ့ ပန္နက်ပုံချင်း ယှဉ်ကြည့်လိုက်ရင် အာရုံခံအခန်းတဆင့် ပိုပါလာတာကိုတွေ့ရပါမယ်။

ပုဂံမြို့တောင်ဘီရွာ အနောက်ဘက်က မွန်ပုံ ဂူဘုရား (၂ဝ၁၃/၁၃ဝ၉) ဖြတ်ပိုင်းပုံ

ပုဂံမြို့တောင်ဘီရွာ အနောက်ဘက်က မွန်ပုံ ဂူဘုရား (၂ဝ၁၃/၁၃ဝ၉) ပန္နက်ပုံ

ပုဂံမြို့အရှေ့ဘက်၊ အလိုပြည့်ဂူဘုရား အရှေ့တောင်ဘက်က မွန်ပုံ လိုဏ်ရှည်ဂူဘုရားမှာတော့ အလည်မဏ္ဍိုင်ကိုထွင်းပြီး ဂန္ဓကုဋိ ထည့်ထားတယ်။ အပေါ်တက်စရာ ကြောင်လိမ်လှေခါး ပါလာကြောင်းကိုလည်း ပန္နက်ပုံမှာ တွေ့ရပါမယ်။

ပုဂံမြို့ အရှေ့ဘက်၊ အလိုပြည့်ဂူဘုရား အရှေ့တောင်ဘက်က မွန်ပုံ လိုဏ်ရှည်ဂူဘုရား (၃၈၆/၂၃၅-က) ပန္နက်ပုံ

မနုဟာ (မကုတ) မင်းကြီးရဲ့နန်းတော်နေရာမှာတည်ထားတယ်လို့ အများယုံကြည်ပြောဆိုလေ့ရှိကြတဲ့ မြင်းကပါ အရပ်က နန်းဘုရားကိုတော့ ကျောက်အုတ်တွေစီပြီး တည်ဆောက်ထားလို့ ထူးခြားပါတယ်။ အလည်မှာ ဖောင်းကြွဗြဟ္မာရုပ်ထုတွေ ထုထားတဲ့ ကျောက်တိုင်ကြီးလေးခုနဲ့ အမိုးခုံးကို ထောက်ထားတယ်။ စိတ်ဝင်စားစရာ အချက်တွေထဲမှာ ထူးခြားတဲ့အချက်တခုကတော့ ကျောက်ဆစ်ဗြဟ္မာရုပ်ကြီးတွေကလွဲလို့ နန်းဘုရားမှာရှိတဲ့ ကျောက်ဆစ်လက်ရာ အမွမ်းအပြောက်တွေကိုကြည့်ရင်၊ ထိလိုင်မင်းကြီးရဲ့ကောင်းမှုလို့သိထားတဲ့ အပယ်ရတနာဂူဘုရားအထဲက နံရံဆေးရေးပန်းချီပုံတွေအတိုင်း ထပ်တူထပ်မျှနီးပါး တူနေတာပါပဲ။ ကျောက်ဆစ်လက်ရာနဲ့ ပန်းချီလက်ရာပဲ ကွာခြားပါတယ်။

နန်းဘုရား

ထိလိုင်မင်းကြီးသားတော် ရာဇကုမာရ်ရဲ့ကျောက်စာကို ပျူ၊ မြန်မာ၊ မွန် နဲ့ ပါဠိ ဘာသာလေးမျိုးနဲ့ ရေးထိုးထားပေမယ့် ကျောက်စာမှာပါတဲ့ ဂူဘုရားဖြစ်လိမ့်မယ်လို့ခန့်မှန်းယူဆစရာ မြင်းကပါဂူပြောက်ကြီး ဂူဘုရားက နံရံပန်းချီကမ္ပည်းစာတွေ ကိုတော့ မွန်စာသက်သက်နဲ့ပဲ ရေးထိုးထားတာတွေ့ရပါတယ်။ မကြာသေးခင်နှစ်တွေတုန်းကလည်း အဲဒီ ဂူဘုရားအတွင်း နံရံအောက်ခြေတွေမှာ ရှေးမွန်ကမ္ပည်းစာတွေကို ထပ်ပြီးရှာဖွေတွေ့ ရှိပါသေးတယ်။

မွန်ဘာသာမျက်နှာ၊ ရာဇကုမာရ်ကျောက်စာ၊ ပုဂံ

မြင်းကပါဂူပြောက်ကြီးဂူဘုရား

မြင်းကပါဂူပြောက်ကြီးဂူဘုရား ဖြတ်ပိုင်းပုံ

ဝက်ကြီးအင်းဂူ ပြောက်ငယ်ဂူဘုရားက မြင်းကပါဂူ ပြောက်ကြီးဂူဘုရားနဲ့ တော်တော်ပဲဆင်တူနေကြောင်း တွေ့ရပါတယ်။

ဝက်ကြီးအင်းဂူပြောက်ငယ်ဂူဘုရား

နန်းဘုရား၊ မြင်းကပါဂူပြောက်ကြီး၊ ဝက်ကြီးအင်းဂူပြောက်ငယ်၊ အလိုပြည့်ဂူဘုရား၊ နဂါးရုံဂူဘုရားနဲ့ ပုထိုးသားများဂူဘုရားတွေရဲ့ ပန္နက်ပုံတွေကို နှိုင်းယှဉ်ကြည့်ရင် အခြေခံသဘောမှာ ဆင်တူနေကြောင်း တွေ့ရပါတယ်။

နန်းဘုရား (၁၂၃၉/၅၇၄) ပန္နက်ပုံ

မြင်းကပါဂူပြောက်ကြီးဂူဘုရား (၁၃၂၃/၆၄၇) ပန္နက်ပုံ

ဝက်ကြီးအင်းဂူပြောက်ငယ်ဂူဘုရား (၂၈၅/၁၉၃-က) ပန္နက်ပုံ

အလိုပြည့်ဂူဘုရား (၃၇၄/၂၂၈) ပန္နက်ပုံ

နဂါးရုံဂူဘုရား (၁၁၉၂/၅၃ဝ) ပန္နက်ပုံ

ပုထိုးသားများဂူဘုရား (၁၆ဝ၅/၉၁၃) ပန္နက်ပုံ

ထိလိုင်မင်းကြီးတည်တဲ့ အာနန္ဒာဂူဘုရား ပန္နက်ပုံမှာတော့ ဂူဘုရားအရွယ်အစားကြီးမားရုံတင်မကပဲ၊ ရိုးရိုးစင်းစင်း ပုံစံကနေပြီး လိုဏ်ပတ်လမ်းတွေ အဆင့်ဆင့် ပါဝင်လာပုံကိုပါ တွေ့နိုင်ပါတယ်။

အာနန္ဒာဂူဘုရား (၂၁၇၁/၁၄၆၅)၊ ပန္နက်ပုံ

အာနန္ဒာဂူဘုရားကြီးမှာ အသေးစိတ်အလုပ်အဆောင်တွေ အလွန်တရာပဲ များပြားလာပါပြီ။ ပုဂံမှာရှိရှိသမျှ အကောင်းဆုံး၊ အစုံဆုံး နဲ့ အပျက်အစီးအနည်းဆုံး လက်ရာတွေထဲမှာ ပါပါတယ်။

ကွမ်းထောင်ရဲ့အထက် အထွတ်စေတီနဲ့ အရံစေတီငယ်တွေကတော့ ခေတ်အဆက်ဆက် အပြုအပြင် များခဲ့လှပြီမို့ မူလလက်ရာနဲ့ မူလပုံစံတွေ မဟုတ်နိုင်တော့ပါ။ မူလအထွတ်စေတီပုံစံတွေကို မှန်းဆကြည့်ဖို့ အသင့်တော်ဆုံး နမူနာတွေကတော့ ပုဂံခေတ်လက်ရာ နံရံဆေးရေးပန်းချီတွေ၊ မြေပုံ (အုတ်ခွက်) ဘုရားတွေနဲ့ ပေါ်တော်မူ ကြာဖူးပုံဘုရားတွေပါ။

ဘူမိဖဿမုဒြာ ဗုဒ္ဓ၊
ဂန္ဓကုဋိ အထက်က ကွမ်းထောင်၊ အထွတ်စေတီနဲ့ အရံစေတီများ
မြေပုံ (အုတ်ခွက်) ဘုရား၊ ပုဂံ

ကွမ်းတောင်နဲ့ အထွတ်စေတီပါတဲ့ ပေါ်တော်မူ ကြာဖူးပုံဘုရား၊ ပုဂံ

ထိလိုင်မင်းရဲ့ အာနန္ဒာဂူဘုရားကြီးမှာ ဘာကြောင့်များ နံရံပန်းချီတွေကို မတွေ့ကြရသလဲဆိုတဲ့ မေးခွန်းအတွက်၊ သုတေသနလုပ်ငန်းအနေနဲ့ ဂူအတွင်းနံရံတွေမှာ သုတ်ထားတဲ့ထုံးတွေကို ရှေးဟောင်းသုတေသနဌာနက ရနိုင်သလောက် ကြိုးစားပြီးခွာကြည့်တဲ့အခါ၊ ထုံးတွေအောက်မှာ ဝမ်းနည်းစရာ ပျက်စီးနေတဲ့ နံရံအပြည့် ဆေးရေး ပန်းချီတွေ၊ မွန်စာကမ္ပည်းတွေကို တွေ့ရပါတယ်။

အာနန္ဒာဂူဘုရား

နဂါးရုံဂူဘုရားကို ထိလိုင်မင်းကြီးလက်ထက်မှာ တည်ပါတယ်။ ဂူဘုရားအထက်က ကွမ်းတောင်ပေါက် ဖြစ်ပါတယ်။ အထွတ်စေတီ နဲ့ အရံစေတီငယ်တွေက မူလပုဂံခေတ်လက်ရာမဟုတ်ပါ။

နဂါးရုံဂူဘုရား

အပယ်ရတနာဂူဘုရားကို ထိလိုင်မင်းကြီးလက်ထက်မှာ တည်ပါတယ်။ ဂူဘုရားအထက်က ကွမ်းတောင်ပေါက် မဟုတ်ပဲ ထူပါပေါက်ဖြစ်ပါတယ်။ ပုထိုးသားများဂူဘုရားမှာရှိတဲ့ ထူပါအထက်က အထွတ်နဲ့ ဆင်တူကြောင်း တွေ့ရပါတယ်။ အသစ်ထပ်မဖြည့်ခင်အချိန်တုန်းက အထွတ်စေတီနဲ့ အရံစေတီငယ်တွေမှာ မူလလက်ရာ တချို့တဝက် ကျန်ပါသေးတယ်။

အပယ်ရတနာဂူဘုရား

ပုထိုးသားများ ဂူဘုရားတည်တာက ထိလိုင်မင်းကြီးလက်ထက်မှာ ဖြစ်နိုင်တဲ့အပြင်၊ ပိုပြီးတော့တောင်မှ စောနိုင်စရာရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အပယ်ရတနာဂူဘုရားလိုပဲ ဂူဘုရားအထက်က ထူပါပေါက်ဖြစ်ပါတယ်။

ပုထိုးသားများဂူဘုရား

အပယ်ရတနာဂူဘုရား နဲ့ ပုထိုးသားများဂူဘုရား နှစ်ဆူစလုံးရဲ့ အထွတ်စေတီတွေမှာ ထူးခြားတဲ့မူလလက်ရာ တချို့တဝက်ကျန်နေသေးပေမယ့် အထက်ဆုံးမှာ မူလတုန်းက ဘာရှိခဲ့နိုင်သလဲဆိုတာကို အတိအကျ ပြောနိုင်စရာ အထောက်အထားမရှိပါ။

ပုဂံခေတ်လည်အချိန်က သမိုင်းမှာနာမည်မပြောင်ခဲ့တဲ့ ကုလားကျမင်း ခေါ် နရသူ ကောင်းမှု ဓမ္မရံကြီး ဂူဘုရားကတော့ အမိုးခုံးလျှော ဂူဘုရားတွေထဲမှာသာမက၊ ပုဂံနဲ့ မြန်မာတပြည်လုံး ရှိရှိသမျှ ဂူဘုရားတွေထဲမှာ အကြီးဆုံးဂူဘုရား ဖြစ်ပါတယ်။ နှစ်ထပ်ဂူဘုရားတွေတည်ဆောက်လာတဲ့ ပုဂံခေတ်လည် ၁၂ ရာစုအချိန်မှာ တထပ်ထည်းနဲ့ အကြီးဆုံးတည်ထားခဲ့တယ်။

ကုလားကျမင်း ခေါ် နရသူ ကောင်းမှု ဓမ္မရံကြီးဂူဘုရား
လွန်ခဲ့တဲ့ အနှစ် ၅ဝ တုန်းကမြင်ကွင်း

ပန္နက်ပုံကတော့ အာနန္ဒာဂူဘုရားနဲ့ ပုံစံချင်းဆင်တူပဲလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အတွင်းအကျဆုံး လိုဏ်ပတ်လမ်းတွေကို အပြီးသတ်တည်ဆောက်ပြီးမှ အုတ်တွေသရွတ်တွေနဲ့ အခိုင်အမာ ပြန်ပိတ်ထားကြောင်း တွေ့ရပါတယ်။ ရည်ရွယ်ချက်ကိုတော့ အတိအကျမသိနိုင်ပါ။ ခိုင်ခန့်မှုအတွက် စိုးရိမ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဓမ္မရံကြီးဂူဘုရား (၇၇၁/၃၆၅) ပန္နက်ပုံ

ဓမ္မရံကြီးဂူဘုရားကိုအစအဆုံးအပြီးမသတ်ခင်မှာ ဘုရင်နန်းကျသွားပြီး၊ တိုင်းပြည်အရေးကလည်း မတည်မငြိမ် ဖြစ်နေတာကြောင့် ဆက်ပြီးလုပ်မယ့်သူလည်းမရှိတော့ နံရံဆေးရေးပန်းချီစတဲ့ အပြောက်အမွမ်းတွေ မရှိခဲ့သလောက်ပါ။ စိတ်ဝင်စားစရာကတော့ ဂူအတွင်းဆုံးနံရံတွေမှာ ဘာတွေများရေးဆွဲထားသလဲ၊ ပိတ်ထားတဲ့ လိုဏ်ပတ်လမ်းရဲ့ အတွင်းဆုံးက ဂန္ဓကုဋိမှာ အာနန္ဒာဂူဘုရားက ရပ်တော်မူပုံတော်မျိုးတွေလား၊ အရွယ်အစားကြီးမားတဲ့ ထိုင်တော်မူ ဆင်းတုတော်မျိုးတွေပဲလား၊ ဘယ်လို ဆင်းတုတော်မျိုးတွေရှိနေမလဲ ဆိုတာပါပဲ။

၁၁ ရာစု အနိရုဒ္ဓမင်းကြီးလက်ထက်မှာ သက္ကတ၊ ပါဠိ ဘာသာ၊ မွန်နဲ့ မြန်မာအက္ခရာတွေကို အလျဉ်းသင့်သလို ရောစပ် သုံးစွဲတာ တွေ့ရပါတယ်။ အနိရုဒဒ္ဓမင်းကြီးကိုယ်တိုင်လက်နဲ့လုပ်ကြောင်း စာတမ်းပါပြီး နာဂရီ အက္ခရာကိုသုံးထားတဲ့ ယေဓမ္မာဂါထာ ပုံနှိပ်မြေပုံဘုရားအမျိုးမျိုးကို အညာဒေသ တကောင်းမြို့နယ် နွားတလည်ရွာကစပြီး အကြေအရပ် တွံတေးမြို့နယ် စမ်းရွာအထိ မြန်မာပြည် အနှံ့အပြားမှာ တွေ့ရတယ်။

၁၂ ရာစုစောစောပိုင်းရောက်တော့ ပုဂံမှာ ပျူ၊ မြန်မာ၊ မွန် နဲ့ ပါဠိ ဘာသာရပ်အမျိုးမျိုးကို သုံးစွဲနေကြပြီလို့ ရာဇကုမာရ် ကျောက်စာကိုထောက်ထားပြီး ပြောနိုင်ပါတယ်။

ထိလိုင်မင်းကြီးရဲ့ ရွှေစည်းခုံစေတီကျောက်စာကို ရှေးမွန်စာသုံးပြီး ရေးထိုးထားပုံနဲ့ ရှေးဟောင်းပုဂံက ရှေးအကျဆုံးလို့ ယူဆရတဲ့ ဂူဘုရားတွေရဲ့ နံရံပန်းချီကမ္ပည်းစာတွေမှာ မွန်စာသုံးစွဲတာကိုထောက်ထားရင် အဲဒီ ပုဂံခေတ်ကာလ၊ အထူးသဖြင့် ထိလိုင်မင်းကြီးလက်ထက်မှာ ရှေးမွန်စာရဲ့ အရေးပါအရာရောက်ပုံ အတိုင်းအတာကို မှန်းဆနိုင်ပါတယ်။

အနိရုဒ္ဓ (အနော်ရထာ) မင်းကြီးလက်ထက်၊ ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်မှု တဟုန်ထိုး တိုးတက်လာတဲ့ အခိုက်၊ မျိုးနွယ်စုဒေသခံတွေ၊ ပျူ နဲ့ မွန်ဆီက အမွေဆက်ခံတဲ့ လက်မှုပညာရှင်တွေ၊ နိပေါ၊ ဘင်္ဂလားနဲ့ အိန္ဒိယပြည်ဖွား လက်မှုပညာရှင်တွေအားလုံးက ပုဂံမှာ ပုဂံသားတွေအဖြစ် တစုတရုံးထည်း ပေါင်းစည်းမိစရာရှိပါတယ်။ ထိလိုင်မင်းကြီး (ကျန်စစ်သား) လက်ထက်မှာတော့ လူမျိုးစုစည်းရုံးရေးကို ခိုင်ခိုင်မြဲုမဲ တည်ဆောက်နိုင်ခဲ့ပြီလို့ ပြောနိုင်ပါတယ်။

အဲဒီပုဂံခေတ်ဦးအချိန် ၁၁ ရာစုကတည်းကစလို့ ရာစုနှစ်သုံးစုလောက်အချိန်အတွင်း ပုဂံကဘုရားပုထိုးတွေကို ပုဂံသားတွေအားလုံး ညီညီညာညာ စုပေါင်းဖန်တီး တည်ဆောက်ခဲ့ကြတာကြောင့် ပုဂံလက်ရာတွေလို့ပဲ ခေါ်ကြရပါလိမ့်မယ်။

“ပြေပုဂံ နော်ရထာဖုန်းငဲ့ပြင်၊
ပြည်လုံး ညီညာတော့၊

ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့ ဝင်းခဲ့သတဲ့။”


ဇော်ဂျီ
၁၉၃၆

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) ပုဂံမင်စာစုသုတေသနလုပ်ငန်း အစီရင်ခံစာ (ဗိုလ်မှူး ဘရှင်)၊ ၁၉၆၄
(၂) ပုဂံသွားမှတ်တမ်း (ရွှေကိုင်းသား)၊ မေလ၊ ၂ဝဝ၈
(၃) တနေ့တလံ ပုဂံဘယ်ပြေးမလဲ (ဒေါက်တာသန်းထွန်း)၊ သြဂုတ်လ၊ ၂ဝဝ၆
(၄) ပုဂံခရီးသည် (ပါရဂူ)၊ ဒု အကြိမ်၊ စက်တင်ဘာလ၊ ၂ဝဝ၈
(၅) ပုဂံ (စုပေါင်း)၊ ဧပြီ၊ ၁၉၉၉
(၆) ပုဂံရှေးဟောင်းသုတေသနလမ်းညွှန် (ဦးဗိုကေ)၊ ၁၉၈၁
(၇) သမိုင်းဝင် ပုဂံစေတီပုထိုးများ (ဦးသန်းဆွေ)၊ ၁၉၇၅
(၈) Pictorial Guide to Pagan: 1971
(၉) Pagan: Art and Architecture of old Burma by Paul Strachan; 1996
(၁ဝ) Burma Art and Archaeology by Alexandra Green and T. Richard Blurton: 2002

No comments:

Post a Comment