08 September 2009

Min Din's cat and thought

ကျနော်နှင့် နက်ကျား၊ ဓားတောင်နှင့် မီးပင်လယ်
မင်းဒင်
စက်တင်ဘာ ၉၊ ၂၀၀၉

(photo: zarny win)

နက်ကျားသည် ကျနော့်အိမ်က ကြောင်မလေးဖြစ်ပါသည်။ အဖြူနှင့်အနက် ကြားနေသော ကြောင်ကလေးဖြစ်၍ ကျနော်က နက်ကျားဟု အမည်သညာ ပြုထားသည်။ နက်ကျားကား ကျနော့်အိမ်ပေါက်ကြောင် ဖြစ်သည်။

နက်ကျား၏ အမေသည် တကိုယ်လုံးအနက်ရောင် ကြောင်နက်ဖြစ်၍ ထိုင်းရိုးရာ အစွဲ အလန်းကြောင့် ဘေးအိမ်တို့ လက်မခံလေသလော မဆိုနိုင်ချေ။ ကျနော့်အိမ်မှာ လာ၍ သားပေါက်သည်။ သူတို့ မွေးစဉ်ကသော် စုစုပေါင်း လေးကောင် ဖြစ်သည်။ အကြင်ကြောင်ပေါက် လေးကောင် ဖင်သရမ်းလွန်း၍ အနံ့ဆိုးကို မခံနိုင်သည့် အဆုံး ကြောင်ချေးပါနည်း သင်တန်းပေးရန် စီစဉ်သော တည၌ ရုန်းရင်းဆန်ခတ် ဖြစ်လာမှ အကြောက် လွန်ကြကာ ကျနော့်အိမ်မှ ပြောင်းရွေ့ ပျောက်ကွယ်သွားကြသည်။ တလခန့် အကြာတွင် သူ့မိခင် ကြောင်နက်မကြီးနှင့် အတူ ပြန်ပေါက်ချလာပြီးမှ တကောင်ချင်း ပြန်ပြန် ပျောက်သွားကြပြန်ရာ နက်ကျားမှာ နောက်ဆုံး ကျနော့်အိမ်တွင် သောင်တင်နေရစ်ကာ အိမ်ထောင်စု စာရင်းဝင် ဖြစ်လာခဲ့သည်။ နက်ကျားအမေကား နောက်ထပ် အိုးသစ် အိမ်သစ် ထူထောင် သွားခဲ့ပြီ။ နက်ကျားကို ပြန်လှည့်မကြည့်တော့။
…………………………………………

တိရိစ္ဆာန်သဘာဝပေလော မဆိုနိုင်။ နက်ကျားအမေသည် နက်ကျားကို ဂရုတစိုက် မရှိခဲ့ချေ။
နက်ကျား ငယ်စဉ်ကသော် သူ့မိခင်က ကြောင်တို့တတ်အပ်သော အတတ်ပညာတို့ကို ရက်တိုသင်တန်းမျှ သင်ကြားပေးသည်ကို ကျနော်မြင်ခဲ့ဖူးသည်။ ခြံစည်းရိုးပေါ်သို့ ခုန်တက်နည်း၊ ထိုမှသည် ခုန်ချနည်း နှင့် ကျနော့် ခြေထောက်ကို သူ့ခေါင်းနှင့် ပွတ်နည်း၊ ဤသုံးနည်းမျှသာ ကျနော့် စိတ်မှာ မှတ်မှတ်ထင်ထင် ရှိသည်။ ရက်တိုသင်တန်းကို နက်ကျား မကျေညက်သည်မှာ သေချာသည်။ အကြောင်းကား ကျနော့်ခြေထောက်ကို ပွတ်နည်းမှလွဲ၍ ကျန်နည်းတို့ကို ယခုထက်တိုင် နက်ကျား မကျွမ်းကျင်သောကြောင့်တည်း။
…………………………………………

အထီးကျန် သင်းကွဲကြောင် နက်ကျားဘဝကား မလုံခြုံလှချေ။ ဘေး ရှေ့ ဝဲယာအိမ်များမှ ဧရာမ ကြောင်ထီးကြီးများက တွေ့ရာနေရာမှာ ကိုက်သည်။ ကျနော့်ရှေ့တွင်ပင် ဘေးအိမ်မှ ကြောင်ဝါကြီး လိုက်ကိုက်သည်ကို မြင်ဖူးသည်။ နက်ကျား မြောင်းကျဉ်းလေးထဲသို့ ခုန်ချ ထွက်ပြေးမြန်၍သာ လွတ်ခဲ့သည်။၊ တကြိမ်သော် ကြောင်ဝါကြီး လက်ချက်ကြောင့်ပင် ထင်သည်။ ဘယ်အချိန်က အကိုက်ခံထားရသည် မသိ။ အကိုက်ခံထားရသောပေါင်မှ ဒဏ်ရာမှာ မြင်မကောင်းအောင် စုတ်ပြဲနေသည်။ ကြောင်မွေးကျင့် မရှိ၍ ကြောင်ပြုစုနည်း နိဿရည်း လုံးလုံး မသိရကား ကျနော်တတ်သမျှနည်းမှာ ဆနွင်းမှုန့် သိပ်ခြင်းသာ ဖြစ်လေရာ သည်လိုနှင့်ပင် နက်ကျားဒဏ်ရာ ပျောက်ရသည်။

ထို့ကြောင့် နက်ကျားတကောင် ညည ခြံဝင်းမှာ ဆင်းမအိပ်ရဲ။ အိမ်ပေါ်မှာ ကျနော့်အနား ကပ်၍ တညောင်ညောင် လုပ်နေရရှာသည်။ ကျနော့်အိပ်ခန်းထဲ မဝင်ရန် ရိုက်မောင်း ပုတ်မောင်း လုပ်ထားမိ၍ အခန်းထဲ မဝင်ရဲရှာဘဲ အခန်းပြင်က တညောင်ညောင်လုပ်နေကျ။ ကျနော် အခန်း အပြင် ထွက်လိုက်သည်နှင့် တံခါးဝမှာ ငုတ်တုတ် တွေ့ရမြဲ။ ဤကား နက်ကျား၏ အိပ်ကောင်းခြင်း မအိပ်ရသော ဒုက္ခတည်း။
…………………………………………

ကျနော်ကား တောသားမြန်မာဖြစ်၍ ကြောင်စာကို ခေတ်မီကုန်တိုက်များမှ မရွေးတတ်၊ မဝယ်တတ်ရကား ထမင်းနှင့်ဟင်းကို နယ်၍သာ ကြွေးတတ်သည်။ နက်ကျားသည် သူ့စားခွက်ထဲက အစာကို ခွက်ထဲမှာ ထား၍ မစားရဲရှာ။ ခွက်နှင့်ဝေးရာကို တတုံးတလေ ဆွဲချီပြီး စားလေ့ရှိသည်။ အစတော့ ကျနော် “ဒီကြောင် စားခွက်ထဲမှာ မစားဘဲ ဘာကြောင့် ညစ်ပတ်အောင်လုပ်ရသလဲ” ဟု ငြိုငြင်မိသည်။ သေချာလေ့လာမိမှ သိရသည်ကား ဘေးခြံက ကြောင်ကြီးများ ရုတ်တရက် အလစ်အငိုက် ဝင်ရောက်လာခါ အစာရော ကြောင်ပါ ဝင်ရောက် ကိုက်ဆွဲတတ်ခြင်းကြောင့် ရုတ်ခြည်းပေါ်လာတတ်သော အဆိုပါရန်မှ ရှောင်ရန်ပင်။ နက်ကျားကား စားကောင်းခြင်းလည်း မစားနိုင်လေ။
…………………………………………

ကျနော် ခြံထဲသို့ ဆင်း၍ လမ်းလျှောက်ချိန်သည် နက်ကျား လွတ်လပ်ရေး ရချိန် ဖြစ်သည်။ သစ်ပင်ကြားမှာ မြူးတူး ခုန်ပေါက်မည်။ မမှီမကမ်း သစ်ရွက်တို့ကို လှမ်းပုတ်သည်။ ဟိုမှ သည်မှ လှစ်ခနဲ လှစ်ခနဲ မျက်စေ့ နောက်လောက်အောင် ပြေးလွှားသည်။ သူဘာကြောင့် မြူးနေမှန်း အစက ကျနော်မသိ။ ကျနော်ရှိနေ၍ အခြားကြောင်ကြီးများ မလာရဲသည့်အချိန် နက်ကျားတကောင် သတ္တိပြောင်ပြောင် လက်ခမောင်း ခတ်နေခြင်း ဖြစ်သတည်း။
…………………………………………

ယခုကား နက်ကျား ကိုယ်ဝန်ဆောင်သည်ဘဝ ရောက်နေလေပြီ။ အလိုတူ ကြည်ဖြူလေသည်လား အဓမ္မ အနိုင်ကျင့်ခံရလေသည်လား၊ ကျနော် အတိအကျ မသိနိုင်ပါ။ အခြေအနေ အရပ်ရပ်ကို ထောက်ချင့်ရသော် နက်ကျား ခြံထဲ ဆင်းအိပ်သော အချိန်များမှာ ဝုန်းဝုန်းဒိုင်းဒိုင်း လိုက်တမ်း ပြေးတမ်း အသံများကြောင့် အသာတကြည်ကိစ္စတော့ မဖြစ်တန်ရာ။ ဤအမှုအရေးနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းရေး ကော်မရှင် မဖွဲ့နိုင်သည် ဖြစ်ရာ သည်အတိုင်းသာ လက်ပိုက်ကြည့်နေလိုက်ရသည်။ ဤရက်ပိုင်း ကျနော့်ကို လာပြီး ပွတ်သီး ပွတ်သပ် လုပ်နေသည်မှာ သူ့ မီးနေသည် ဘဝ အတွက် ကြိုတင် အသနားခံနေဟန်တကား။ ဤလည်း တဒုက္ခပေတကား။
…………………………………………


အချုပ်ဆိုရလျှင် နက်ကျားသည် ကြောင်ဖြစ်ပါလျက် ကြောင်တန်းစေ့ ဘဝ မရရှာခဲ့ချေ။
ကြောင်ချင်းတူ သူချင်းမျှမျှ မနေရရှာချေ။ ထိုင်းဖွားကြောင် အများစုမှာ ကြောင်စဉ်မီမီ နေကြရသည်။ ဖျားနာသော် ကြောင်ဆေးခန်းတို့ လက်ညှိုးထိုး မလွှဲ ရှိသည်။ ထိုင်းကြောင် အများစုမှာ ကြောင်စာ သီးသန့် သုံးဆောင်တော်မူကြသည်။ ထိုမျှမကသေး ကြောင်ရေချိုးရာတွင် သုံးသော ရှန်ပူ၊ ကြောင်ရေမွှေး၊ ကြောင်ပိုးသတ်ဆေး၊ ကြောင်အိပ်ရာ၊ ကြောင် အသုံး အဆောင် အပြည်အစုံနှင့် အပြုအစုခံကြရသည်ဖြစ်ရာ ကြောင်ဘဝကို အားကျစရာ၊ ကြောင်ဖြစ်ရပါလို၏ ဟုပင် ဆုတောင်းချင်စိတ် ပေါ်လောက်သည်။
…………………………………………

ပြောမည့်သာ ပြောရသည်။ ကျနော်လည်း ယခုပစ္စက အချိန်တွင် လူဖြစ်လျက် လူလိုနေရသည် မဟုတ်ချေ။ သမိုင်းထဲက ရန်ဘက် တိုင်းပြည်မှာ နက်ကျားနည်းတူ ကံကွက်ကြား၍ လာပြီး သောင်တင်နေရသည်။ ပြည်တော်ပြန်ရန်လည်း မဖြစ်နိုင်။ ဇာတိမြေနှင့် ဝေးနေရခြင်းကား ကြီးစွာသော ဆင်းရဲခြင်းပေတည်း။ နတ်ဘုံနတ်နန်းတွင် နေရလင့် ကစား၊ ကိုယ့်ရေကိုယ့်မြေနှင့် ကွေကွင်းရလျှင် ငရဲတမျိုးပေတည်း။ ကျနော်သည် နက်ကျားနှင့် ဘာထူးပါသနည်း။
…………………………………………

ကျနော်သည် ငွေကြေး အထိုက်အလျောက် ပြည့်စုံသူကား မှန်ပါ၏။ သို့သော် ထိုင်းရဲကား မြန်မာမှန်လျှင် တရားခံချည်း ဟူ၍ သဘောပိုက်လေရကား ကျနော့်ကို ပြဿနာ ရှာမရလျှင် ကျနော့် အလုပ်သမားတွေနှင့် ကျနော့် စားဝတ်နေရေးကို ဖြေရှင်းပေးနေသည့် ဈေးဆိုင်ကို ပြဿနာရှာမည်ကို စိုးရိမ်ရပေသေးရာ ဆိုင်အတွက် ရဲကြေးပေးနေရရုံမျှမက၊ တွေ့သမျှ အိမ်လာသမျှ ရဲကို အရက် ဘီယာ မျိုးစုံ ပေးရ ကမ်းရသည်။ မျက်နှာ ချိုသွေးရသည်။ အချိန်မရွေး ဝရမ်းနှင့်တမျိုး ဝရမ်းမပါဘဲ တသွယ် ဒုက္ခလာပေးမည့်နေ့ကို တကြောင့်ကျကျ ဖြစ်နေရသော ဘဝပင်တည်း။

ထိုင်းအစာ ခပ်စပ်စပ်ကို ကျနော်မနှစ်မြို့သော်ငြား ကြိတ်မျိုချခဲ့သည့် အကြိမ်ပေါင်း မနည်းသည့် နည်းတူ အိမ်အနီး ဘေးဘီဝန်းကျင်မှ ထိုင်းအသိ မိတ်ဆွေတို့ ပြောသမျှ သဘောကျကျ မကျကျ “ခပ်” “ခပ်” “ခပ်” တခပ်တည်း ခပ်နေရသည်မှာလည်း ဝဋ်ဒုက္ခ တမျိုးပေတည်း။ မည်သို့ပင်ဆိုစေ ကျနော့်ဘဝသည် တမြို့တည်းနေ မြန်မာအလုပ်သမားတို့၏ ဘဝနှင့် နှိုင်းစာပါလျှင်ကား လောကနိဗ္ဗာန် ဆိုနိုင်ပါသေး၏။
…………………………………………

မျိုးစုံသော အနိဋ္ဌာရုံတို့တွင် ကျနော်တယောက်တည်း လောကနိဗ္ဗာန် တည်ဆောက်နေ၍ မဖြစ်ချေသေး။ ကျနော်နေထိုင်ရာ ဖူးခက်မှ ကျနော်နှင့် အနွယ်တူ ရွေ့ပြောင်း အလုပ်သမားများ၏ ဘဝကား ကျနော့်ထက် အပုံကြီး ဆိုးနေလေသေးသည်။ နိုင်ငံတကာ ဧည့်သည်တို့ ဥဒဟို ဝင်ထွက်နေ၍ ယဉ်ကျေးဖွံ့ဖြိုးလှသည် ဆိုလေသော ဖူးခက်လို မြို့ကြီးမှာပင်လျှင် မကြာသေးမီ ရက်ပိုင်းကပင် သူခိုးဟု မတရားစွပ်စွဲခံရသော မြန်မာလူငယ်တဦး ဥပဒေမဲ့ သေလုမတတ် အရိုက်ခံရ၍ ဆေးရုံတင်သည့်တိုင် ကျနော် အပါအဝင် မည်သည့် မြန်မာကမျှ ဝင်၍ စကားဟဟ အရေးမဆိုဝံ့ခဲ့ချေ။ တရားဝင်အလုပ်သမားဘတ် ရှိသော်ငြား အလုပ်ရှင် နာမည် မတူသည်ကို အကြောင်းပြ၍ ထိုင်းဘတ်ငွေ တောင်းခံရသည့် ဒုက္ခသတင်း။ မြန်မာအလုပ်သမားတို့၏ လုပ်အားခ မရှင်းဘဲ အလုပ်ရှင်က ထိုင်းရဲကို လက်တို့ကာ အချုပ်ထဲ ထည့်သည့် မကြားချင်စရာ သတင်းတို့လည်း အပုံအပင်။ ဖူးခက်မြို့ အပါအဝင် ထိုင်းနိုင်ငံ တနံတလျား မြန်မာ အလုပ်သမားတို့ လူဖြစ်ရှုံးရသည့် အဖြစ်တို့ကို စာဖြင့် စီကုံးလျှင် ကျမ်းထူထူ အုပ်ရေ သောင်းချီပေလိမ့်မည်။
…………………………………………

အမှန်စင်စစ် မွေးရပ်မြေနှင့် အိုးမကွာ အိမ်မကွာ နေထိုင်ကြရလေသော ကျနော်တို့ တိုင်းပြည်က လူထုသည်လည်း လူလိုနေကြရသည် မဟုတ်ချေ။ မီးမှန်မှန် မလာသေး၍ ကျောက်ခေတ် လူသား တပိုင်းဘဝမှာသာ ရှိသေးသည်။ ထင်ရှားသော ဥပမာကား နာဂစ်မုန်တိုင်း ကာလ လူအများမှာ လူလိုပင် မသေနိုင်ခဲ့ကြချေ။ လူသားတဦးကဲ့သို့ မိမိထင်မြင်ချက်ကို ထုတ်ဖော်ပြောခွင့် မရှိကြချေ။ ရေးသားခွင့် မရှိချေ။ လူအခွင့်အရေးဟူသည် အိပ်ရာဝင်ပုံပြင် အဖြစ်ပင် ထုတ်ဖော်ပြောခွင့် မရနိုင်ကြချေ။ တိုင်းပြည် ကောင်းစားစေလိုသူတို့ ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံတည်း။ တကယ်တော့ ကျနော်တို့ ပြည်တွင်းက မြန်မာလူထုသည်လည်း ကိုယ့်အိမ်မှာကိုယ်နေရင်း ထောင်ကျနေသော အကျဉ်းသားများနှင့် ကွာခြားလှသည်တော့ မဟုတ်ချေ။
…………………………………………

ပြည်တွင်းပြည်ပ မြန်မာတို့ကား လူဖြစ်ရှုံးသည့် ဒုက္ခကို မခံစားနိုင်သည့် အဆုံး အစိုးရကို မုန်းလွန်းသည်နှင့် မြန်မြန်ပြုတ်ပြီးရော သဘောနှင့် မီးလောင်ရေကြီး ပျက်စီးခြင်း ငါးပါးဆိုက်သည့် ပြည်တွင်းက အကုသိုလ် သတင်းကိုပင် ကြံဖန် ဝမ်းမြောက်နေတတ်ကြလေပြီ။ လူဖြစ်ရှုံးခြင်း တမျိုးပေတည်း။ လူဟူသည်ကား အ မင်္ဂလာသတင်းကို ကိုယ်ချင်းစာ စုတ်သပ် ဝမ်းနည်းရရိုး ဓမ္မတာ မဟုတ်လော။
…………………………………………

ထိုမှတဖန် မြန်မာပြည် အုပ်စိုးသူတို့ ဘဝကို စေ့ငပါလျှင်လည်း အထက်တန်းကျကျ လူဖြစ်ရှုံး နေရခြင်းဟုပင် ကျနော်မြင်သည်။ သိက္ခာမဲ့သော လူ့ဘဝကား အထက်တွင် နေနေ အောက်တွင် လျောင်းလျောင်း နေပျော်သောဘဝ မဟုတ်သည်ကား သေချာသည်။ တိုင်းပြည် ဘာဖြစ်ဖြစ် အာဏာ လက်မလွှတ်ရလျှင် ပြီးရော စိတ်သဘော မွေးလေသည့် ဗိုလ်ချုပ်အုပ်စုကား သားတရားစီရင်ခန်းအရ ကြည့်လျှင် မိခင်အရင်းသည် သားငယ်ကို အသေခံ၍ အဓမ္မ တွန်းထိုး ဆွဲယူနေသကဲ့သို့တည်း။ ပြည်သူကို ရင်ဝယ်သားကဲ့သို့ မှတ်ယူခြင်း မရှိသည်မှာ ထင်ရှားသည်။ လူမိုက်အားကိုး မိတ်ဆွေ မဖွဲ့အပ်သူကို အဆွေခင်ပွန်းဖွဲ့ကာ တရုတ်နှင့်ပေါင်း မြောက်ကိုးရီးယားနှင့် ပလဲနံပ သင့်နေခြင်းသည်ပင် မြန်မာ့အုပ်ချုပ်သူတို့ လူ့အဝန်းအဝိုင်းနှင့် ဝေးနေခြင်းပင်တည်း။ တနည်း လူဖြစ်လျက် လူတောမတိုး၊ နိုင်ငံတခု အမည်ခံပါလျက် နိုင်ငံတကာတော မတိုးနိုင်သော အဖြစ်ပင်။
…………………………………………

ဆယ်တန်းအောင်သည်နှင့် လူဖြစ်နိုင်ရန် လူတောတိုးနိုင်ရန် အလို့ငှာ၊ မြန်မာပညာတတ် လူငယ်တို့လည်း မြန်မြန်ကြီးပွားလျှင်ပြီးရော စစ်ဆေး၊ စစ်အင်ဂျင်နီယာကျောင်းတွေ တက်ကာ စစ်ဝါဒ အမွေဆိုးကို ပျော်ပျော်ကြီး ဆက်ခံနေမြဲပင်။ ကွန်မြူနစ်စနစ် စတင် သန္ဓေတည်ရာ နိုင်ငံကြီးသို့ ရောက်နေရခြင်းပင်လျှင် ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာ ထင်မှတ်နေကြသော စစ်ဗိုလ်ငယ်တို့သာ ရှိကြလေသလော။ တိုင်းပြည်နှင့် လူမျိုး လူစဉ်မမီ လူတောမတိုးသော ဘဝဖြင့် နေထိုင်နေကြရသည်ကို ကြည့်နေရင်း အနှစ်တရာ အသက်ရှည်ရသော်ငြား လူထု လူလို နေရရေးအတွက် ရုန်းကန် တိုက်ပွဲဝင်ရဲသော စစ်သားဘဝဖြင့် တရက် အသက်ရှင်ရခြင်းက ပို၍ မြင့်မြတ်သေးသည် ဟူသော အယူအဆရှိသော မျိုးချစ်စစ်သည်တို့ မရှိကြတော့လေပြီလော။
…………………………………………

ပညာရေးဝန်ထမ်း၊ ဆေးဖက်ဆိုင်ရာဝန်ထမ်းပါမကျန် ပြည်တွင်းက ဝန်ထမ်းအများစုသည်လည်း စားပွဲအောက်က ငွေကိုမျှော်ကိုးကာ လူဘဝ၏ အနှစ်သာရသည် အသက်ရှင်ရုံသက်သက်တည်း ဟူသော ခံယူချက် ရှိကုန်ကြလေပြီ။ ထို့ထက်ဆိုးသော လူ့ဖြစ်ရှုံးခြင်း ဘယ်မှာလျှင် ရှိပါတော့အံ့နည်း။ ဘယ်သူ့ကိုမှ၊ ဘာဖြစ်ဖြစ် လှည့်မကြည့်တတ်သော ငတေ လူမျိုး အဖြစ် ရောက်နေကြလေပြီ။ နိုင်ငံအသီးသီးတွင် မိမိတို့ နိုင်ငံသားတိုင်း၊ လူတန်းစေ့အောင် လူစဉ်မီ နေထိုင်နိုင်အောင် နည်းပညာ စီမံခန့်ခွဲမှု အတတ်ပညာ ပုံစံမျိုးစုံဖြင့် မီးကုန် ယမ်းကုန် အားထုတ်နေကြချိန်တွင် ကျနော့်တို့ အဖြစ်ကား ကိုယ့်တွင်း ကိုယ်ယက်၊ ကိုယ့်သေတွင်း ကိုယ်တူးနေကြသည်နှင့်သာ တူတော့သည်။ စစ်ဝါဒ စနစ်ဆိုးကြီးကို မဖြိုဖျက် နိုင်သေးသမျှ ကာလပတ်လုံး မြန်မာပြည်သည် လည်းကောင်း မြန်မာလူထုသည် လည်းကောင်း မြန်မာအုပ်စိုးသူတို့သည် လည်းကောင်း လူအဖြစ်နှင့် ဝေးသည်ထက်ဝေး နေဦးမည်သာ ဖြစ်ပေသည်။
…………………………………………

လူလိုနေနိုင်သော သဘာဝသယံဇာတ နှင့် လူ့အရင်းအမြစ်တို့ ရှိနေပါလျက် လူစဉ်မမီရသော ကျနော့် ဇာတိနိုင်ငံ၏ အဖြစ်ကား တွေးမိလေ ရင်နင့်ဖွယ်ကောင်းလေပင်။ မှန်ကင်း အစစ်က ထင်းဖြစ်နေသော ဘဝများ အတွက် ကြေကွဲဖွယ် ကောင်းလေစွ။

လူလိုနေနိုင်ခြင်းပင်လျှင် ဒီမိုကရေစီပေလော။ ထိုသို့ဆိုပါမူ ကျနော်သည် ဒီမိုကရေစီကို သည်းစွာ တောင့်ာပါ၏။ မြန်မာတဦး၏ လူ့သက်တမ်းက ကြေးမုံသတင်းစာပါ နာရေးကို အခြေခံလျက် တွက်စစ်ပြရလျှင် အနှစ် ၇၀ ဝန်းကျင်သာ ရှိသည်။ ထိုအသက်အပိုင်းငယ်လေးအတွင်း မဂ်တရား၊ ဖိုလ်တရား အားထုတ်ဖို့ မဆိုထားဘိ၊ နေ့စာ ညစာပင် နပ်မမှန်သော ပြည်သူတို့ကား အရှင်လတ်လတ် ငရဲအထပ်ထပ် ဘဝမျိုးစုံတွင် နေသားကျလျက်ရှိပေပြီ။

အုပ်စိုးသူတို့ကား အိုရ နာရ သေရဦးမည်ကို ပင်မေ့လျော့ကာ ငွေနှင့် အာဏာသာ ရှိ၍ လူ့သိက္ခာ တပြားသားမှ မရှိသော၊ ဘဝမရှိသောအဖြစ်ကြီးကို လောက နိဗ္ဗာန်နှင့် ယိုးမှားနေကြလေယောင်တကား။
…………………………………………

ကြာညောင်းလှပြီ မဆိုနိုင်သေးသော သမိုင်းတလျှောက်လုံး မြန်မာကို မော်မကြည့်ရဲခဲ့သော ကျနော် နားခိုရာ နိုင်ငံတွင်ပင် နိုင်ငံသား အများစုမှာ လူအဖြစ်ကို ရနေကြလေပြီ။ ကျနော်တို့ တမျိုးသားလုံး တင်းပြည့် လူလိုနေနိုင်သော ဘဝ ရောက်အောင် ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်ရသော်လည်း ဖြတ်သင့် ဖြတ်ကောင်းသည်ဟုသာ ကျနော် ယူဆချင်တော့သည်။

မေတ္တာပို့ခြင်းနည်းနာကား စစ်ဝါဒကို တိုက်ဖျက်ရာ၌ ဆေးကောင်းတလက် မဖြစ်နိုင်ခဲ့ကြောင်း မျက်ဝါးထင်ထင် မြင်ခဲ့ကြရပြီးလေပြီ။

ကျနော်တို့လူမျိုးကား သီးခံခွင့်လွှတ်ခြင်း တရားဘာဝနာ ပွားများခြင်းဖြင့် ငြိမ်းအေးမှုကို အတန်အသင့် ရှာနိုင်လေသော်ငြား ဆွေးနွေး စေ့စပ်ခြင်းမှသည် ဓားကိုဓားချင်း လှံကိုလှံချင်း အံတုန့်နှင်းဖို့သာ ထိုက်သည်ဟု ကျနော်မြင်တော့သည်။
…………………………………………

ကြောင်ဖြစ်ရကျိုး မနပ်သော၊ ကြောင်လို မနေရသော ကြောင်ကလေး နက်ကျား၏ ဘဝကို ကြည့်၍ ကျနော့်အဖြစ်၊ ကျနော့်လူမျိုး၊ ကျနော့်တိုင်းပြည်အဖြစ်တို့နှင့် ချိန်ထိုးစဉ်းစားကာ ကျနော် လူလိုနေချင်စိတ် ပြင်းထန်စွာ ဖြစ်ပေါ်လာပါသည်။ တင်းပြည့် ကြပ်ပြည့် လူလိုမနေရသော ဘဝ၌ လောက စည်းစိမ် ဟူသမျှကား ရယ်ဖွယ်မျှသာ ဖြစ်ပေလိမ့်မည်။ ကျနော် မသေမီ စပ်ကြား ကာလ၌ လူလို နေသွားချင်သေးသည်ကား သေချာလှပါသည်။ စစ်ဝါဒဆိုးကြီး လောင်းရိပ်မှ လွတ်မြောက်သည်၏ တနေ့၌ လူသားတဦး၏ ဂုဏ်သိက္ခာ အပြည့်ဖြင့် ကျနော့် မွေးရပ်ဇာတိရွာအနီးမှ ဖျောက်ဆိပ်ပင်ကြီးအောက်မှာ ၀ိုင်ဖိုင် စံနစ်သုံး ကွန်ပြူတာ တလုံးဖြင့် ရေးလက်စ “သက်ခိုင်” ဇာတ်လမ်းရှည်ကြီးကို ဆက်ရေးချင်ပါသေးသည်။
…………………………………………
ထိုအတွေး ဤအတွေးတို့၏ အဆုံးတွင် လူ့ဘဝ ရောက်ခိုက် လူလိုနေရရေးနှင့် ကျနော်တို့ လူမျိုး၏ သစ္စာ အရောင်၊ ဥာဏ်တန်ဆောင်သည် အနာဂတ် ကာလ၌ ပြောင်လျက် ဝင်းလျက် ကျန်စေရေး အတွက် ကျနော်သည် မူလဗီဇ အခြေခံအားဖြင့် သတ္တိ၊ ဗျတ္တိ နည်းသည်ဆို နိုင်လေငြား၊ ဓားတောင်နှင့် မီးပင်လယ်ကို ထီမထင်သော စိတ်သဏ္ဌာန်သည် ကျနော့် ရင်တွင်းမှ ရုတ်ခြည်း လူးလွန့် နိုးထလာယောင်တကား။ ။

03 September 2009

Nyan Oo Maung - Visiting Getty

ဂက်တီ

ဥာဏ်ဦးမောင်

စက်တင်ဘာ ၃၊ ၂၀၀၉

သြဂုတ်လရဲ့ နွေနေ့လယ်က သာမန်ထက်ပိုကဲတဲ့ အပူရှိန်ကို ခံစားရတယ်လို့ ထင်နေမိတာ။ ဖြတ်သန်းလာတဲ့ လော့စ်အင်ဂျလိစ် (အယ်လ်အေ) မြို့ကြီးရဲ့ တံလျပ်ရောင်ထနေတဲ့ ဖရီးဝေးလမ်းမအချို့ပေါ်မှာ ကတ္တရာမြစ်ကြီးတွေ စီးမျောနေသလားလို့ ထင်မိလောက်အောင်ပဲ အနက်ရောင်စီးကြောင်းများက ဖိတ်ဖိတ်လက်လို့နေတယ်။ သွားရမယ့်နေရာက တောင်ကုန်းတစ်ခုပေါ်မှာဆိုတော့ ခုလောက်ပြင်းတဲ့ နေရှိန်အောက်မှာ ဒီနေရာလေးကပေးမယ့် ရသအလှကို အပြည့်အဝ ခံစားလို့မှ ရနိုင်ပါ့မလားရယ်လို့ လမ်းသွားရင်း သံသယစိတ်နဲ့ ရောက်လာခဲ့တာ။

အယ်လ်အေကို အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင် ရောက်ခဲ့ပေမယ့် သူ့အကြောင်းကို နာမည်လေးတောင် တစ်ခါမှ မကြားမိဘူးခဲ့လောက်အောင်ကိုပဲ ညံ့ဖျင်းထုံအနိုင်လွန်းခဲ့သူပါ။ ဒီလို နာမည်လေးပင် သဲ့သဲ့မျှ မကြားခဲ့ဘူးတဲ့ ဒီနေရာက သာမန်မျှသာ ဖြစ်လိမ့်မယ်၊ နောက်ပြီးလည်း ကြည့်ရှုဖွယ်ရာ အနည်းအကျဉ်းသာရှိတဲ့ နေရာငယ်လေး တစ်ခုသာ ဖြစ်လိမ့်မယ်၊ ချောင်ကြိုချောင်ကြားမှာ ခပ်ကုပ်ကုပ်အဆောက်အဦလေးနဲ့ မထင်မရှားလေးသာ ဖြစ်လိမ့် မယ်လို့လဲ ထင်ထားတာ။ ဒီလိုထင်ထားတဲ့အပေါ်မှာမှ ခုလိုအပူရှိန်က ထပ်ဆင့်ကဲလိုက်ပြန်သေးတော့ ဒီနေ့အတွက် တော့ ကံကောင်းခြင်းလက်ဆောင်က ကိုယ့်ဆီကို ရောက်လာနိုင်တော့မယ် မထင်တော့ဘူးလို့လည်း တွေးမိလိုက်ခဲ့ သေးတယ်။

ဒါပေမယ့် ခပ်လှမ်းလှမ်းကနေ မြင်ရတဲ့မြင်ကွင်းက ထင်ထားခဲ့တာနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတာကို စပြီးတွေ့လိုက်ရ တယ်။ သူ့အနားကိုယ်ရောက်သွားတဲ့ အခါမှာတော့ ဘာဖြစ်လို့ ကိုယ့်အနီးမှာရှိတဲ့ ဒီလောက်စွဲမက်ဖွယ်ကောင်းကာ အလှပေါင်းစုံနေတဲ့ နေရာတစ်ခုရဲ့ အမည်လေးကိုပင် မကြားမိနိုင်လောက်အောင် ညံ့ဖျင်းနိုင်လွန်းစွာ ထုံအနေခဲ့တာ လဲလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိလိုက်တယ်။ ကြည့်စမ်းပါဦး။ ဘယ်လောက်များ လှပတဲ့နေရာလေးတစ်ခုပါလဲ။ စွဲ မက်မြတ်နိုးဖွယ် နေရာလေးပါလဲ။ အနုပညာဆိုင်ရာပြတိုက်တစ်ခုအတွက် ရွေးချယ်မှုမှာ နေရာဆိုတာ အခရာပဲလို့ ဆိုပါလျင် ဂက်တီအတွက် ဖြည့်စွက်စရာ လိုနိုင်တော့မယ် မထင်ပါဘူး။

ကိုယ်တွေ့ဖူးသမျှ ပြတိုက်တွေဆိုတာက ရှေးဟောင်းဆန်ဆန် အဆောက်အဦတွေသာလေ။ ဒီတော့ ပြတိုက်ဆိုလျင် ရှေးဟောင်းဆန်နေမှ လိုက်လျောညီထွေဖြစ်တယ်ဆိုတဲ့ အစွဲတစ်ခုပင် ကိုယ့်မှာထင်လုနီးပြီ။ သို့ပေမယ့် ခုတော့ ဒီထင်လုဆဲ အစွဲက ပစ္စဖိတ်ကိုဖြတ်တိုက်လာတဲ့ လေပြေထဲမှာ လွင့်ပါလို့သွားခဲ့ပြီ။ဂက်တီရဲ့ ပြင်ပသဏ္ဍာန်ဟာ ဟောင်းနွမ်း မှုတွေနဲ့ ဟိုးအဝေးကြီးဆီမှာ။ ဆန်တာမော်နီကာ တောင်ကုန်းထိပ်မှာ ခေတ်မီ ဗိသုကာလက်ရာများနဲ့ ဖန်တီးတည် ဆောက်ထားတဲ့ ဂက်တီက အနုပညာပြတိုက်တစ်ခုဆိုတာထက် သိပ္ပံပြတိုက်ဖက် နွယ်နေတယ်လို့ ခံစားတယ်။ ခေတ်သစ်လက်ရာအောက်မှာ ရှေးဟောင်းအနုလက်ရာ အလှဟာ ဘယ်လိုများနေမလဲ။ တောင်ခြေကနေ ပြတိုက် ရှိရာ ဆန်တာမော်နီကာ တောင်ကုန်းထိပ်ဆီသို့ ဓာတ်ရ ထားလေးစီးရင်း ကိုယ်ကတွေးနေမိတယ်။ ဂက်တီကတော့ နောင် နှစ်ပေါင်းများစွာကြာကြာ သစ်လွင်မှုပုံလွှာကို သယ် ယူကာ ဆောင်ထားဦးမှာပါ။

ခုကိုယ်ရောက်နေတာ The Getty Museum လေ။ ဆန်တာမော်နီကာ တောင်ကုန်းထိပ်ရောက်တာနဲ့ မြင်ရတဲ့ မြင် ကွင်းနဲ့ တွေ့ထိရတဲ့လေက ကိုယ့်ကို အေးမြမှုနဲ့အတူ ရင် သပ်ရှုမော အံ့သြစေခဲ့တယ်။

Breathtaking view အသက်ရှူရပ်သွားလောက် အောင် ဆွဲဆောင်နိုင်တဲ့ မြင်ကွင်းဆိုတဲ့စကားက ကိုယ့် အသိထဲ အလိုလို ဝင်ရောက်လာတယ်။ ဖရီးဝေး ၄ဝ၅ ရဲ့အထက် ပေ ၉ဝဝ အမြင့်၊ တောက်ကုန်းထိပ်မှာရှိတဲ့ ဂက်တီက ရာသီဥတုကြည်လင်တဲ့နေ့တွေမှာဆို အရှေ့ စူးစူးရှိ အယ်လ်အေမြို့ရဲ့ မိုးမျှော်အဆောက်အဦးကြီး တွေနဲ့အတူ အယ်လ်အေမြို့ ဟိုးအစွန်းဆီက ဆန်ဘနာ ဒီနိုတောင်တန်းကြီးကို ပကတိမျက်စိနဲ့ပင် လှန်းလို့မြင် နိုင်ပါတယ်တဲ့။

အနောက်ဖက်ဆီမှာတော့ လွမ်းချင့်ဖွယ် ရာ ပစ္စဖိတ်သမုဒ္ဒယာ ရေပြင်ပြာပြာကြီးကို မိုးကုပ်စက် ဝိုင်း အနားသတ်ကာ တွေ့ရနိုင်တယ်တဲ့။ ဒီနေ့တော့ နေသာနေပေမယ့် မှုန်မှိုင်းမှိုင်း မီးခိုးငွေ့တွေက ဒီအလှတွေကို မြင်ခွင့် ကိုယ့်ကို မပေးခဲ့ပါဘူး။ သို့ပေမယ့် မလှန်းမကမ်းမှာရှိ အယ်လ်အေမြို့ရဲ့ ထောင်မတ်မတ် တိုက်တာတွေနဲ့ ဆန်တာမော်နီကာနဲ့ သောင်စင်အုတ် မြို့တွေရဲ့ အလှတွေကိုတော့ ထင်ထင်ရှားရှားမြင်နေရတယ်။ အထူးသဖြင့်တော့ တောင်ကုန်းထိပ် ဂက်တီပြတိုက်ရဲ့ လေသာဆောင်ပေါ်ကနေ မြင်ရတဲ့ တောင်ကမ္ပားယံမှာရှိ ဂက်တီရဲ့ (Central Garden) ဗဟိုဥယျာဉ်ရဲ့ အလှကတော့ အကွယ်အကာမဲ့စွာပဲ ဗလာလုံးတည်း။ ဒါဆိုလျင်ကိုပဲ ဂက်တီရဲ့ ပြင်ပ အလှက ပြည့်စုံသင့်တာထက် ပိုလို့ပင်နေတယ်လို့ ဆိုနိုင်လောက်ပြီပေါ့။

ခုကိုယ်ရောက်နေတဲ့ နေရာက (The Getty Museum) ဂက်တီပြတိုက်မှာလေ။ အလယ်ခေတ်နဲ့ ခေတ်သစ်ရဲ့ အနောက်တိုင်းအနုလက်ရာတွေနဲ့ ပြည့်လျမ်းနေတဲ့ ဂက်တီပြတိုက်က တကယ့်ကိုမှ ကန္တာရအလယ်က အိုအေစစ် လေးပမာ။ ဂက်တီပြတိုက်ရှိရာ တောင်ကုန်းပေါ်ကနေစီးမိုးမြင်ရတဲ့ မြင်ကွင်းကလည်း လဲ့လဲ့စိမ်းလို့။ ပစ္စဖိတ်သမုဒ္ဒယာကို ဖြတ်တိုက်လာတဲ့ လေအေးအေးလေးက နွေတစ်နေ့ရဲ့ အယ်လ်အေမြို့လယ်မှာ ထိတွေ့ခံစားခဲ့ရတဲ့ အပူရှိန်ကို ရုတ်တရက်ပဲ မေ့လျော့စေခဲ့တယ်။ မကြာမီ မိနစ်ပိုင်းများဆီက အပူရှိန်က ခုတော့ အနည်းငယ်မျှပင် ကိုယ်နဲ့မဆိုင် တော့လေဟန်။ နွေနေ့လယ်မှ ဟုတ်ပါလေစလို့ သံသယဖြစ်ဖွယ်အထိ။ တောက်ကုန်းလေးပေါ်မှာက စိမ့်စိမ့်လေးပင် အေးလို့နေပြန်တယ်။ ဂက်တီပြတိုက်လေးကတော့ ကိုယ့်ကို အေးချမ်းမှုနဲ့ ကြိုဆိုလိုက်တယ်လေ။ ထပ်ပြီးပြောရလျင် ဖြင့် မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကိုမှ ရင်သပ်ရှုမော။

ဇွန်လ ၃ဝ ကစလို့ စက်တင်ဘာ ၂၈ ရက်အထိက in Bronze: French Sculpture from Renaissance to Revolution ဆိုတဲ့ ပြင်သစ်ကြေးသွန်းလက်ရာများကို အထူးပြသချိန်လည်းဖြစ်တယ်လေ။ ဒါကြောင့် ဂက်တီကို ခုချိန်မှာ အများဆုံးလွှမ်းမိုးထားတာက ပြင်သစ်အနုလက်ရာတွေ။ ရီနေဆန်းခေတ်ကနေ ပြင်သစ်တော်လှန်ရေး ကာလအတွင်း ကျော်ကြားခဲ့တဲ့ ပန်းပုပညာရှင်တွေရဲ့ ကြေးသွန်းအနုလက်ရာတွေကို ခမ်းနားစွာ ပြသထားတယ်။ ကမ္ဘာ အရပ်ရပ်မှာရှိတဲ့ ထင်ရှားတဲ့ပြတိုက်ကြီးများဆီက ငှါးရမ်းထားတဲ့ ရုပ်တုတွေကိုလည်း တွေ့ရတယ်။ ကမ္ဘာအရပ်ရပ် ဆီကို ကိုယ်တိုင်သွားခွင့် မရနိုင်သူတွေအတွက် ကောင်းတဲ့အစီအစဉ်တစ်ရပ်ပဲပေါ့။

မကြာမီက အင်္ဂလန်ကိုရောက်ခဲ့စဉ်မှာ ဥရောပ ပန်းပုလက်ရာတွေကို တွေ့ရတော့ အနောက်တိုင်း ပညာရှင်တွေက ပန်းပုရုပ်တုတွေကို လူ့ခန္ဓာအစိတ်အပိုင်းအားလုံးနဲ့ တူနိုင်သမျှတူအောင် ထုလုပ်ကြတယ်။ ကိုယ်တို့ဆီမှာတော့ ရုပ်တုက အရုပ်နဲ့ တူနိုင်လွန်းတယ်လို့ တွေးခဲ့မိတာ။ ခု ဒီဂက်တီမှာ ပန်းပုလက်ရာတွေ တစ်ခါထပ်ကာ တွေ့ရပြန်တော့ ဒီအတွေးက ထပ်ပေါ်လာပြန်တယ်။

ကိုယ့်ဆီမှာ အများဆုံးထုလုပ်ကြတာက ဗုဒ္ဓပုံတော်တွေပါ။ ဒီတော့လည်း အတိုင်းအတာမရှိ၊ စနစ်မရှိပဲ ထင်သလို ထုလုပ်ထားတဲ့ ဗုဒ္ဓပုံတ်ာတွေကို မကြာခဏပဲ တွေ့မိတယ်။ ဒီလို တွေ့ခဲ့ လေတိုင်း အချိုးအစား မကျ၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဗုဒ္ဓပုံတော်တွေကိုကြည့်ပြီး စိတ်မကောင်းခြင်းကြီးစွာ အကြိမ် ကြိမ် အခါအခါလည်း ဖြစ်မိဘူးတယ်။ တို့ဆီမှာ စည်းစနစ်ဆိုတာ မရှိတာလား၊ ရှိပါလျက် မလိုက်နာလေတာလားလို့ အားမရနိုင်စွာ အတွေးပွားမိခဲ့ရဘူးတယ်။ ရိုးသားစွာ ပြောရရင် ပညာရှင်ဆိုသူတွေရဲ့ မကျွမ်းကျင်မှုဟာ ဗုဒ္ဓရုပ်ပုံတော်တွေပေါ်မှာ ဆိုးရွားလွန်းလှစွာ ထင်ကျန်မနေစေချင်ပါဘူး။ တရားအမှားအမှန်ကို စိစစ်တတ်သူတွေဟာ ဘုရားရှင်ရဲ့ ကြန်အင်လက္ခဏာများ အပေါ်မှာတော့ ဘာကြောင့်မေးခွန်းထုတ်ဖို့ ပျက်ကွက်နေသလဲလို့ ကိုယ်တစ်ယောက်ထဲ မေးခွန်း အကြိမ်ကြိမ် ထုတ်နေခဲ့ဘူးတယ်။

ဂက်တီမှာ အများဆုံးတွေ့ခဲ့ရတာက ပန်းချီကားတွေ။ အဲဒီ ပန်းချီကားတွေအကြောင်းကို ကိုယ်ကပြောချင်တာ။ ဒါပေ မယ့် ကိုယ်က ပန်းချီကားတွေရဲ့ အလှကိုသာ မတောက်တ ခေါက် ခံစားတတ်ပေမယ့် ပန်းချီအနုပညာအကြောင်းကို တော့ နကန်းတစ်လုံးမျှပင် သိသူ မဟုတ်ဘူးလေ။ ဒီတော့ ကိုယ်ပြောပြကာမှ ပန်းချီကားလေးတွေရဲ့ ပင်ကိုယ်အလှ ပျက် သွားရချည့်ဆိုပြီး ပြောဖို့ဝန်လေးမိတယ်။ဟုတ်တယ်လေ။ ဒေါ် လာ သန်းငါးဆယ်ကျော် တန်ဖိုးရှိတဲ့ ဗင်းစင့် ဗင်ဂိုးရဲ့ အိုင်းရစ် ဆိုတဲ့ ပန်းချီကားမျိုးကို ကိုယ်လိုလူက ဘယ်လိုအဓိပ္ပါယ် ဖွင့် ဆိုနိုင်မှာတဲ့လဲ။

ဒါပေမယ့် ကိုယ်သဘောကျလို့ မှတ်မှတ်ရရ ဓာတ်ပုံရိုက်ကူးလာတဲ့ ဆွစ် ပန်းချီဆရာ Jean-Etienne Liotard 1755-1756 ရဲ့ လက်ရာလေး အကြောင်းကိုတော့ ကိုယ်ခံစားသမျှ နည်းနည်းပြောကြည့်ချင်တယ်။ ဒီ ပန်းချီကားကို ၇ နှစ်အရွယ် မာရီယာ ဖရက်ဒရိုက်ဆိုတဲ့ ကလေးမလေး ကို ပုံတူဆွဲထားတာတဲ့။ ဒီပုံလေးတွေ့ရတော့ အပြစ်ကင်းစင်တဲ့ မျက်နှာ ပြင်ဆိုတာ ဒါမျိုးပဲဖြစ်မှာလို့ ကိုယ်က မှတ်ယူမိတယ်။ ပန်းချီဆရာဖက် ကို တည့်တည့်မျက်နှာမူကာ စူးစမ်းနေတဲ့ သူမရဲ့ ခွေးကလေးနဲ့ နှိုင်းယှဉ် ရင် သူမက ပိုပြီးအရှက်ကဲလေဟန်ကိုလည်း ဒီပန်းချီက ဖော်ပြနေတယ် လို့ ခံစားမိတယ်။ ငယ်ရွယ်နုပျိုမှုနဲ့ အလှတရားကို ပန်းချီဆရာက အရ အမိ ဖမ်းယူဆုပ်ကိုင်နိုင်ခဲ့တယ်လို့လည်း အတွေးရမိတယ်။ တခုခုကို စူးစမ်းနေဟန်ထင်ရပေမယ့် မိန်းကလေးငယ်လေးတွေရဲ့ စူးစမ်းတတ်မှုဟာ တိုက်ရိုက်မဆန်တတ်ဘူး ဆိုတာကတော့ အလယ်ခေတ်ရဲ့ မိန်းကလေး ငယ်သဘာဝကို ဖော်ညွှန်းနေဟန်ပါပဲ။ူနသအမေိ ရဲ့ လက်ရာကို အကဲ ဖြတ်နိုင်စွမ်း ကိုယ့်မှာ မရှိပေမယ့် ပန်းချီဆရာရဲ့ နိုင်နင်းစွာ အလင်း အမှောင်ယူမှု ၊ မျှတတဲ့ အရောင်အသုံးပြုမှုနဲ့ မျက်နှာပြင်မှာထင်ဟပ်နေတဲ့ ညီညာတဲ့ စုတ်ချက်ကတော့ တသသ စွဲ ကျန်ရစ်လောက်အောင် ဖြစ်မိပါတယ်ဆိုလျင် လွန်နိုင်မယ် မထင်ပါဘူး။

A Bare Tree and a Plowman, Léon Bonvin, 1864

ကိုယ်ရောက်သွားတဲ့နေ့က ရာစုနှစ် ၃ ခုရဲ့ ပြင်သစ်ပန်းချီကားတွေကို အထူးပြသထားတယ်။ ပြပွဲရဲ့အမည်ကိုတော့ Capturing Nature's Beauty: Three Centuries of French Landscapes လို့ ပေး ထားပါတယ်။ ‘သဘာဝအလှကို ဖမ်းစားခြင်း’လို့ မပြန်တတ် ပြန် တတ် ကိုယ်က ဘာသာပြန်ကြည့်တယ်။ ပြခန်းထဲရောက်သွားတာနဲ့ လီယန်ဘန်ဗင်ရဲ့ ရွက်မဲ့သစ်ပင်နဲ့ လယ်ထွန်သူဆိုတဲ့ ပန်းချီကားက ကိုယ့်ကိုယ်ကို သူ့အနားတိုးလာဖို့ ဆွဲဆောင်ခဲ့တယ်။ပန်းချီကားထဲမှာ မတူမှုနှစ်ခု အချိုးတကျ ပေါင်းစပ်ထားတယ်လို့လည်း ခံစားမိတယ်။

အနောက်ကမ္ဘာမှာ သစ်ပင်တွေရဲ့ ရွက်မဲ့ရာသီဆိုတာ အော်တန် (ဖော) နှောင်းနဲ့ ဆောင်းရာသီများမှာ။ ဒီအချိန်မှာ ဝင်လာတဲ့ အအေး ဒဏ်က သစ်ပင်သစ်ကိုင်းတွေကို အရိုးပြိုင်းပြိုင်း ထစေချိန်။ ကြည့်လေမြင်ရာ တောစဉ်တောတန်းက မီးလောင်တစ ပြင်ပမာ နက်နက်မောင်းမောင်း။ စိမ်းလန်းခြင်းမဲ့စွာ သွေ့ခြောက်ကာ နေတတ်တယ်။ ဝန်းကျင်တခွင် မြေအပြင်မှာ တော့ စနိုးပန်းပွင့်တွေနဲ့ ခဲသီးလို့။ စနိုးရင်ပြင်လွှာက ဝါဂွမ်းစိုင်ကြီးတွေ အိပ်စက်နားနေဟန်။ အဲဒီလို စနိုးတွေနဲ့ ဖွေး ဖွေးဥနေတတ်တဲ့ ရာသီမျိုးမှာ လယ်ထွန်သူဆိုတာလည်း ရှိနိုင်ခဲတဲ့ အရာပါ။

သို့ပေမယ့် ကိုယ့်အမိမြေလို အရှေ့ကမ္ဘာမှာတော့ မိုးစက်တို့ကြွေစ နွေနှောင်းကာလမှာ တောင်သူသဘာဝ မျိုးစေ့ ချချိန်၊ လယ်ထွန်ချိန်လေ။ နွေလက်ကျန် အပူဒဏ်က မိုးသံကိုနားထောင်နေတဲ့ သစ်ပင်တွေကိုလည်း အရွက်မဲ့ဖြစ်နေစေဆဲကို။ ရွက်မဲ့သစ်ပင်နဲ့ လယ်ထွန်သူဆိုတဲ့ ဒီပန်းချီကားက မတူတဲ့ အချိန်ကာလနဲ့ နေရာဒေသ နှစ်ခုကို ယှဉ် စပ်ကာ တွဲထားခြင်းလို့ မှတ်ထင်မိတယ်။ ပန်းချီကားကို လွှမ်းမိုးထားတဲ့ ပုဇွန်ဆီရောင်နုနု ကောင်းကင်လွှာကတော့ ညနေဆည်းဆာကာလကို ညွှန်ပြနေသယောင်။ လယ်ထွန်သူဆိုတာ နံနက် နေတက်ချိန်မှာ အလုပ်ခွင် ဝင်ချိန်လေ။ ဒါကြောင့် အနောက်တိုင်းပန်းချီဆရာ လီယန်ဘန်ဗင်ရဲ့ ပန်းချီကားက အရှေ့ကမ္ဘာနဲ့ အနောက်ကမ္ဘာ၊ နံနက်နဲ့ ဆည်းဆာကို ပူးတွဲကာ ‘မိဿက သရုပ်’ကိုများ ချယ်မှုန်းထားလေသလားလို့ တွေးထင်မိတယ်။

အနုပညာဆိုင်ရာ ပြတိုက်တစ်ခုရဲ့ နှစ်လုံးသည်းပွတ်ဖြစ်တဲ့ ပန်းချီပန်းပု အနုအလှပါမက ပြင်ပကမBာရဲ့ အေးချမ်းတဲ့ ရသ၊ လှပတဲ့မြင်ကွင်း၊ လွတ်လပ်ခြင်းဆု၊ ဒီအရာတွေကို ပေါင်းစုလို့သိမ်းကြုံးကာ တပြိုင်တည်း ခံစားချင်တယ်ဆိုလျင် တော့၊ ကိုယ်ထင်တယ်၊ ဂက်တီဟာ ဒီအရာတွေအတွက် အကောင်းဆုံး ဖြည့်စွက်ချက်တစ်ခုဖြစ်မှာပါ။

ပြခန်းအချို့ကို အပြေးအလွှားကြည့်ရှုလို့ ပြီးချိန်မှာတော့ နေမင်းက အနောက် ပစိဖိတ်သမုဒ္ဒယာရေပြင်လွှာထဲဆီကို ခေါင်းထိုးဝင်ဖို့ နီးနေလေပြီ။ ဂက်တီပြတိုက်ရဲ့အထက် ကောင်းကင်တိမ်လွှာပြင်မှာတော့ လီယန်ဘန်ဗင်းရဲ့ ဘဲယားထရီး အင် ပလောင်းမင်း ပန်းချီကားထဲကလို ပုဇွန်ဆီရောင်ပျော့ပျော့ ထင်ဟပ်နေရဲ့။ စင်ထရယ်ပန်းခြံဘေးမြက်ခင်း စိမ်းစိမ်းပေါ်မှာတော့ မြူးကြွစွာတီးခတ်နေတဲ့ တီးဝိုင်းနဲ့အတူ မိသားစုတွေ ဝိုင်းဖွဲ့ကာ မြူးတူးကခုံ ကောင်းတုန်း။ အချိန်တန်ပြီတဲ့။ ဒီတော့လည်း ကိုယ်ပြန်ရမယ်ပေါ့။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာတော့ မကြာမီအချိန်ပိုင်းအတွင်းမှာပဲ ဒီနေရာလေးဆီ နောက်တစ်ခေါက် အမြန်ပြန်လာဖို့ ဆုံးဖြတ်ချက်က အဆင်သင့်ဖြစ်နေခဲ့ပြီ။ ။