05 August 2009

Maung Thar Ya - Attachment

ငြိနေပြီ

မောင်သာရ

သြဂုတ် ၆၊ ၂၀၀၉

ချစ်စွာသော စာဖတ်ပရိသတ်များ ခင်ဗျား …

ကျုပ် မောင်သာရ ပါ။ မှတ်မိကြပါတယ်နော်။ ပြည်တွင်းမှာတုန်းကတော့ များသောအားဖြင့် ၀တ္ထုတို ၀တ္ထုရှည်ကလေးတွေသာ ရေးလေ့ရှိခဲ့တဲ့ စာရေးဆရာပါ။ အခုလို ပြည်နှင်ဒဏ်သင့်ပြီး အမယ်ရိကား ရောက်လာနေမှသာ အခြေအနေအရ လွတ်လပ်တဲ့အာရှအသံရေဒီယိုမှာ စာပြောဆရာ ဖြစ်နေရတာပါ။ ဒါပေမယ့် ရံဖန်ရံခါတော့လဲ ဘ၀ဟောင်းကို ပြန်ပြောင်းအောက်မေ့ပြီး ၀တ္ထုတိုကလေးတွေ ရေးဖြစ်ခဲ့ပါတယ်။ ဗမာနံ ဗမာအငွေ့အသက် လုံးဝမသင်းတဲ့ အမယ်ရိကားရေမြေ နောက်ခံ အမယ်ရိကန်ဇာတ်ဆောင်တွေနဲ့ ၀တ္ထုတိုတွေပေါ့နော်။ ဒါပေမယ့် ကျုပ်တသက် ဘယ်တော့မှ မေ့လို့ရမှာမဟုတ်တဲ့ ပြည်တွင်းက စာဖတ်ပရိသတ်လက်ရောက်အောင် ကြံဆောင်ဖို့ဆိုတာကလဲ သည်စစ်အစိုးရလက်ထက်မှာ လွယ်လှမှာမဟုတ်တော့ သည်လိုပဲ စု သိမ်းထားနေရပါတယ်။ အဲ … အခုတော့ သည် မိုးမခ နဲ့ အဆက်အသွယ်ရပြီး၊ ပထမဆုံး မိတ်ဆက်အနေနဲ့ ဗမာဆန်တဲ့ အချစ်ဇာတ်လမ်းဆန်းကလေးတပုဒ်ကို ရွေးထုတ်တင်ဆက်ကြည့်လိုက်ပါတယ်။ သည်ဇာတ်လမ်းကလေးက အခု ကျုပ်နေတဲ့ Las Vegas မြို့က ဇနီးမောင်နှံရဲ့ တကယ့်အဖြစ်အပျက် ဖြစ်ပါတယ်။ သည်မှာ ရုပ်ရှင်လဲ ရိုက်နေပါတယ်။ ကာယကံတွေရဲ့ဆန္ဒအတိုင်း ဇာတ်ဆောင်တွေရဲ့ အမည်ရင်းကိုတော့ ပြောင်းထားပါတယ်။ ပြည်တွင်းက ရေးဖေါ်ရေးဘက် စာရေးဆရာတွေနဲ့ ရုပ်ရှင်ဗီဒီယိုဒါရိုက်တာတွေကိုလဲ ကြိုက်ကြမယ်ဆိုရင် လိုသလို သုံးနိုင်ကြဖို့ ကျုပ် မေတ္တာလက်ဆောင် ပေးလိုက်ပါတယ်။ ၀တ္ထုဇာတ်လမ်း နာမည်က …

ငြိနေပြီ

Joe သတိပြန်လည်လာတော့ တိမ်ခိုးတွေလား မြူတွေလား မသိ။ လေအဟုန်နဲ့ ပြေးလွင့်နေတဲ့အထဲက Sarah သူ့ဆီကို လက်နှစ်ဖက်ဆန့်တန်းကြိုဆိုရင်း ပြုံးလာနေတာကို တွေ့ရတယ်။ နောက် Joe ပြန်မေ့သွားပြန်ရော။ ပြီး Joe နားထဲမှာ ညင်သာသဲ့သဲ့ ပြောနေကြတဲ့ စကားသံတွေကို ဝေေ၀ ၀ိုးတ၀ါး ကြားလာရပြန်တယ်။ သည်မှာ Joe အားယူပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်နိုင်တော့မှ သူ ဆေးရုံပေါ် ရောက်နေတာပါလားလို့ ခန့်မှန်းနိုင်တော့တယ်။ ဟုတ်ပါပြီ။ Sarah ရဲ့ BMW ကားသစ်ကလေးနဲ့ လေးနာရီသာသာလောက်သာ မောင်းရတဲ့ ပင်လယ်ကမ်းခြေ Long Beach ကို အလုပ်နားရက် အပျော်ရေကူးဖို့ ထွက်လာခဲ့ကြတာလေ။ ကြမ္မာငင်ချင်တော့ ပြောပါတယ်။ မျက်နှာချင်းဆိုင်ဘက်ကလာနေတဲ့ Truck ကားတစင်းက ကွေ့တကွေ့မှာ သူတို့ဘက်ယာဉ်ကြောထဲကို အရှိန်မထိန်းနိုင်ပဲ ကန့်လန့်ကြီး ဖြတ်ကျော်ဝင်လာပြီး သူတို့ကားကလေးရဲ့ ဘယ်ဘက်ဘေးကို တအားပြေးဝင် ဆောင့်တိုက်လိုက်တယ် ထင်တာပဲ။ ဟဲ့ ဟဲ့ နေကြပါအုံး … Sarah Sarah Sarah ကောဟင် … Sarah ရော ဘာဖြစ်သွားသေးလဲ။ Sarah are you OK … Joe ရုတ်တရက် ယောင်ရမ်းတမ်းတပြီး ထမယ် ကြံလိုက်တော့ မဟန်နိုင်ပဲ ပက်လက်လန် ပြန်လဲကျသွားတယ်။ Joe သတိ ကောင်းကောင်း ပြန်ရလားတော့၊ ထိန်းထားတဲ့ သူနာပြုဆရာမက ပြောပါတယ်။ Sarah တခြားအခန်းမှာ ရှိပါတယ် … တဲ့

ဒါပေမယ့် Joe ဆေးရုံက ဆင်းလာရတော့၊ အိမ်အပြန်မှာ Sarah မပါလာတော့ဘူး။ သူတို့အပြောအရကတော့ အဲသည်အခင်းဖြစ်တဲ့နေရာကို လူနာတင်ရဟတ်ယာဉ်နဲ့ ရှေးဦးသူနာပြုတွေ ရောက်လာကတည်းက Sarah အသက်မရှိတော့ဘူး တဲ့။ Joe ကတော့ ကံအားလျော်စွာ ဘေးတံခါးပွင့် လွင့်ထွက်ကျန်ရစ်ခဲ့ပုံ ရတယ် ဆိုပဲ။ ကားကလေးကတော့ မြင်လိုက်ရတဲ့လူတွေ ပြောပြချက်အရ နှစ်ပတ်သုံးပတ် လိမ့်ထွက်သွားပြီး လမ်းဘေးကျ မီးလောင်သွားသတဲ့။ ဒါတောင် Joe လဲ နံရိုး နှစ်ဖက်ပေါင်း ငါးချောင်း ကျိုးခဲ့တယ်။ လက်ကောက်ဝတ် နှစ်ဖက်လုံးလဲ ကျိုးတယ်။ နဖူး ကန့်လန့် ကွဲတယ်။ ကိုယ်အနှံ့အပြားမှာလဲ ပေါက်ပြဲပွန်းပဲ့ ဒဏ်ရာတွေ ရခဲ့တယ်။

အိမ်ပြန်ရောက်တဲ့အခါ ခန္ဓာကိုယ်က ဒဏ်ရာတွေကတော့ ပျောက်သလောက်ရှိပြီ ပြောပါတော့။ ဒါပေမယ့် နေ့စဉ် ညစဉ်နဲ့အမျှ တွေးမိတိုင်း Joe မျက်ရည် မဆည်နိုင် ဖြစ်ရတယ်။ သူ့နှလုံးသားတခြမ်း ပဲ့ပါသွားပြီလေ။ အနားမှာ Sarah မရှိတော့ဘူး။ မရှိတော့ပေမယ့် ရှိတယ်ဆိုတဲ့အမှတ်နဲ့ Sarah ရဲ့ ခြေရာလက်ရာတွေကို ဘာတခုမှ သူ ပြင်မပစ် ပြောင်းမပစ်ဘူး။ အိမ်ရှင်မ Sarah စိတ်တိုင်းကျ Sarah ထားတဲ့အတိုင်းပဲ နေရာမရွေ့ထားတယ်။ နောက်ဆုံး Sarah ၀တ်ပြီး ချွတ်ထားခဲ့တဲ့ အ၀တ်လဲပဲ လျှော်စက်ထဲ မထည့်ဘူး။ ယုတ်စွအဆုံး Sarah အုံးတဲ့ ခေါင်းအုံးက အစွပ်တွေကိုတောင် Sarah ရဲ့ ခေါင်းနံကလေး ပျောက်သွားမှစိုးလို့ လျှော်မပစ်ရက်ဘူး။ ဒါပေမယ့် အိပ်တဲ့ကုတင်ပေါ်မှာလဲ Sarah မရှိတော့ဘူး။ စားတဲ့စပွဲမှာလဲ Sarah မရှိဘူး။ Sarah ဘယ်နေရာမှ မရှိတော့ဘူး။ တအိမ်လုံးမှာ သူတယောက်တည်း။ Sarah မရှိတော့ သူ မနေတတ်ဘူး။ မနေချင်ဘူး။ တခြားပြောင်းပြေးရရင် ကောင်းလေမလား … လို့လဲ Joe မစဉ်းစားရက်ဘူး။ Sarah သစ္စာဖောက်ရာ ရောက်မှာပေါ့။ သည်အိမ်က Sarah ရဲ့အိမ်။ Sarah စိတ်ကြိုက် လိုက်ရှာပြီး ရွေးဝယ်ထားတဲ့ အိမ်။ သူ့နာမည်နဲ့ သူ့ဘဏ်စာရင်းနဲ့။ Joe လုံးဝ မပြောင်းပစ်ဘူး။

တော်တော့ တော်ပါသေးရဲ့။ ဆေးရုံက ဆင်းလာပြီ သတင်းခြောက်ပတ်ပြည့်တော့ Joe အလုပ်ပြန်ဆင်းခွင့်ရတယ်လေ။ အလုပ်ထဲ စိတ်ရောက်နေတဲ့အခါ နည်းနည်းတော့ ဖြေသာသလိုလို ရှိတာပေါ့နော်။ ဒါပေမယ့် ညနေတိုင်း အိမ်ပြန်ရာမှာကို စိတ်က ကြောက်ရွံ့ရွံ့ ဖြစ်နေသလိုပဲ။ ကားခေါင်းက အိမ်ရှိရာဘက်ကို ဦးမတည်ချင်ဘူး။ တတ်နိုင်ရင် အပြင်မှာပဲ အချိန်ကုန်အောင် နေပစ်လိုက်ချင်တယ်။ ဒါကြောင့်လဲ များသောအားဖြင့် ညနေစာကို အပြင်ဆိုင်တွေမှာပဲ ဖြစ်သလို စားပစ်လိုက်တယ်။ မိုးချုပ်လို့ ညဥ့်နက်ပြီ အိပ်ချင်လာပြီ အိပ်ရာဝင်တော့မယ် ဆိုမှပဲ အိမ်ပြန်ဖြစ်တော့တယ်။

သည်လိုနဲ့ အပြင်မှာ အပေါင်းအသင်းတွေ တိုးလာတယ်။ အပေါင်းအသင်းတင် မကဘူး။ အတတ်တွေပါ တိုးလာတယ်။ Joe သောက်တတ်တဲ့ အကျင့်ပါ ရလာတယ်။ ဘာပဲပြောပြော ပန်းခြံတွေထဲမှာ တယောက်တည်း သွာထိုင်ပြီး ငိုင်နေတာထက်စာရင် Club တွေ၊ Pub တွေ Bar တွေ Tavern တွေထဲမှာ တစိမ့်စိမ့်ထိုင်သောက်နေတာက ပိုစိတ်ပြေမေ့ပျောက် ရှိတယ်လို့လဲ ထင်လာတယ်။ ပြီး နည်နည်းရီဝေေ၀ဖြစ် မျက်တောင်စင်းလာမှ အိမ်ပြန်ရင် အိမ်ရောက်တာနဲ့တပြိုင်နက် အိပ်ရာထဲ ထိုးအိပ်လိုက်ရုံပဲ။ နဖူးပေါ်လက်တင်ပြီးတော့လဲ တွေး မနေဖြစ်တော့ဘူး။ ပိုက်ဆံတော့ မစုမိတော့ဘူးပေါ့နော်။ ဒါပေမယ့် သည်ဖြေဆေးက တန်တယ်၊ ထိရောက်တယ် လို့ Joe ယူဆတယ်။

ဒါပေမယ့် သည်အစီအစဉ်မှာလဲ … Joe ကို မူးအောင် မသောက်ရဘူး၊ အသိရှိရှိ အချိန်အဆနဲ့သာ သောက်ရမယ်၊ ငွေကို အလဟသ ဖြုန်းမပစ်နဲ့။ မိုးချုပ်အောင် မနေနဲ့၊ အိမ်ကို စောစောပြန်၊ တည့်တည့်ပြန်၊ တခြားဆက် သဝေထိုးမနေနဲ့ … အစရှိသဖြင့် ခပ်တည်တည် ပြုံးစပ်စပ်နဲ့ ဆုံးမတားမြစ်တတ်တဲ့ … တခါတရံ စကားနားမထောင်ရင် သောက်နေတဲ့ဖန်ခွက်တောင် ဇွတ်ဆွဲလု သိမ်းသွားတတ်တဲ့ ကောင်မလေးတယောက် ပေါ်လာတယ်။ ကောင်မလေးက Joe ထက်တော့ ဆယ်နှစ်လောက် ငယ်မှာပေါ့။ နာမည်က Brook တဲ့။ အခုနောက်ပိုင်း Joe သောက်နေကျဖြစ်လာတဲ့ ဆိုင်မှာ စပွဲထိုး လုပ်တယ်။ မလှ လှပါဘူး။ နည်းနည်းလဲ ပုသလိုလိုပဲ။ ဒါပေမယ့် ချစ်စရာတော့ ကောင်းတယ်။ သဘောထားလဲ မှန်တယ်။ ဘယ့်နှယ် … ကိုယ်အလုပ်လုပ်တဲ့ဆိုင်မှာ သောက်စား ကစားရင်း ငွေလာဖြုန်းတဲ့ ဖောက်သည်တယောက်ကို မတားမြစ်မကန့်ကွက်ထိုက်ပါပဲလျက် ကန့်ကွက်တားမြစ် သတိပေး နှင်လွှတ်တယ်ဆိုကတည်းက သည်ကောင်မလေး သူ့အပေါ်မှာ မေတ္တာစေတနာ ပိုလို့ နေမှာပေါ့။ Joe တွေးမိ ဆင်ခြင်မိလာတယ်။

အင်း … ဆိုင်ရှင်တွေ ပိုင်ရှင်တွေသာ သိသွားရင်၊ မိသွားရင်တော့ သည်ကောင်မလေး ဘယ်လွယ်လိမ့်မလဲ။ အလုပ် ဖြုတ်ခံရမှာပေါ့။ ဒါပေမယ့် Brook ကတော့ ခပ်တည်တည်ပဲ။ သိပ် ဂရုစိုက်ပုံ မရပါဘူး။ Joe ကတော့ ထုံးစံအတိုင်းရော၊ သူ့စေတနာကို တုံ့ပြန်ကျေးဇူးတင်တဲ့ အနေနဲ့ရော၊ ပေးခဲ့တဲ့ Tips ငွေကိုတောင် Brook က လုံးဝ မယူဘူး၊ မထားခဲ့နဲ့ တဲ့။ သူ့ကို လုံးဝ ပေးဖို့မလိုဘူးတဲ့။ ဗြောင် ငြင်းပြီး ဇွတ် အိတ်ထဲ လိုက်ထည့်တယ်။

မကြာပါဘူး။ Sarah မရှိတော့တဲ့နောက်ပိုင်း Joe ပထမဆုံး အိမ်ကိုအလည်သဘော ပြောခေါ်လာတဲ့ အမျိုးသမီးက Brook သာ ဖြစ်ပါတယ်။ ရုပ်ရည် ကိုယ်နေကိုယ်ထား အသားအရေ ဘာတခုမှ အပြစ်ဆိုစရာ မရှိပေမယ့် ဘယ်နေရာမှာမှ ထူးထူးခြားခြား ခုံမင်တပ်မက်လောက်စရာ မရှိမှန်း သိရက်နဲ့ သည် Brook ဆိုတဲ့ ရွက်ကြမ်းရေကျိုမကလေးကို Joe ဘာဖြစ်လို့များ စွဲလန်းခင်တွယ်နေမိတယ် မသိပါဘူး။ Joe ရဲ့ ပတ်ဝန်းကျင် Joe အလုပ်လုပ်တဲ့ Hotel နဲ့ Casino ကြီးမှာကိုပဲ Joe ထက် လှတာတွေ၊ ဖွံ့ဖြိုးတာတွေမှ တထောကြီးပါ။ Joe လဲ သူ့ကိုယ်သူ နားမလည်ပါဘူး။ ဒါပေမယ့် သူ့အိမ်ထဲရောက်တော့ TV နဲ့ မျက်နှာချင်းဆိုင်က Sarah ထိုင်နေကျ Sofa မှာမှ အကျအန ၀င်ထိုင်နေတဲ့ Brook ကို သူကိုယ်တိုင် ရေခဲသေတ္တာထဲက ထုတ်ယူလာတဲ့ Fanta လိမ္မော်ရည်ပုလင်းနဲ့ ဧည့်ခံပြီး သူဘ၀ ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း ဖွင့်ဟ၀န်ခံ ပြန်ပြောပြလိုက်ပါတော့တယ်။

သူဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ခရီးထွက်ရင်း car accident ဖြစ်လို့ သူ့ရဲ့ ချစ်စကြင်စ ဇနီး Sarah ဆုံးပါးသွားရတဲ့အကြောင်း … အဲသည်ကတည်းက ဘယ်မိန်းမနဲ့မှလဲ မတွဲမိ၊ ဘယ်သူ့ကိုမှလဲ ခုလို မဖိတ်ခေါ်မိ ဘယ်တယောက်ကိုမှလဲ သံယောဇဉ် မတွယ်မိ၊ ဘယ်သူ့ကိုမှလဲ မချစ်မိ၊ အခု မင်းနဲ့ကျမှသာ ဆိုပြီး တခါတည်း Brook ရှေ့မှောက်မှာ ဒူးထောက် လက်ထပ်ခွင့် တောင်းတော့တာပါပဲ။

Brook ကလဲ အံ့အားသင့်ရိပ် မယုံကြည်ရိပ် လုံးဝ မပြပဲ သုံးပုံနှစ်ပုံ အပြုံးကလေးနဲ့သာ Joe ရဲ့ နဖူးက အနာရွတ်ပေါ် ဖုံးချထားတဲ့ ဆံပင်တွေကို အသာအယာ သပ်တင်ကြည့်လိုက်ပါတယ်။ Joe က သူရဲ့ အဆိုပြုချက်ကို ကြည်ဖြူလက်ခံတဲ့အဓိပ္ပါယ် ထင်ပါရဲ့ … လို့ ၀မ်းသာခိုက်မှာပဲ Brook က သူ့လည်တိုင်ကလေးကို ဘယ်ညာလှည့် ခေါင်းရမ်းပြလိုက်ပါတယ်။

“Joe ကို ကျမ မငြင်းချင်ပါဘူး။ ဒါပေမယ့် ကျမ ငြင်းရတဲ့အကြောင်းက ကျမက သာမန်မိန်းမတွေနဲ့ မတူတဲ့ မိန်းမတယောက် ဖြစ်နေလို့ပါ။ ကျမဘ၀က ကိုယ်ဝန်မဆောင်နိုင် ကလေးမရနိုင်တော့တဲ့ Heart Transplant နှလုံးအစားထိုး ကုသထားရတဲ့ မိန်းမမို့ပါ။ Joe အတွက် ကျမ ၀မ်းနည်းပါတယ် …” တဲ့။

အော် … ဖြစ်မှ ဖြစ်ရလေတယ်။ ကြုံမှလဲ ကြုံရတတ်ပလေတယ်။

Brook တက်ခဲ့တဲ့ ဆေးရုံနဲ့ Brook ကို နှလုံးအစားထိုး ခွဲစိတ်ကုသပေးခဲ့တဲ့ ခေါင်းဆောင်ဆရာဝန်ကိုပါ တွေ့ခွင့်တောင်းကြပြီး အသေအချာ မေးမြန်းစုံစမ်းကြည့်လိုက်ကြတော့ … ရော် Sarah နှလုံးက Brook ကိုယ်ထဲ ရောက်နေတာပါလား။

အကြောင်းစုံ သိကြရတော့လဲ နားလည်သွားကြပါတယ်။ Joe နဲ့ Brook မှ မဟုတ်ပါဘူး။ နောက်ပိုင်း Joe ထိုင်နေကျ Tavern ဆိုင်ရဲ့ ပိုင်ရှင်တွေဖြစ်ကြတဲ့ Brook ရဲ့ အဖေနဲ့ အကိုတွေကပါ ကြည်ကြည်ဖြူဖြူ သဘောတူ လက်ထပ်ခွင့် ပြုလိုက်ကြလေရဲ့။

(Painting Credit - http://kerriposson-artist.blogspot.com/2009/04/nothing-but-hearts.html )

15 July 2009

Myue Sha Yi - To Ko Thet Win Aung

သက်ဝင်းအောင် သို့

မြူးသျှရီ

ဇူလိုင် ၁၆၊ ၂၀၀၉

၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့ - မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း။ (မိုးမခက ပြန်လည် တင်ဆက်ပါတယ်)

ဒီနေ့ (၇) လ (၇) ရက်နေ့ …

ဒီနေ့ဟာ ချစ်တဲ့ အမိမြေမှာ မိုးတွေ ဖွဲဖွဲ ရွာနေနိုင်တယ်။ ဒါမှမဟုတ် မိုးတွေ သဲသဲမဲမဲ လဲ ရွာနေနိုင်တယ်။ အပြင်ကို ရောက်နေတဲ့ လူတစ်ယောက်အတွက် လွမ်းမောစရာပါ။ ဒီလိုပဲ လွန်ခဲ့တဲ့ (၁၉၆၂) ခုနှစ် ဒီလို ဇူလိုင်လ (၇) ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အပြစ်မဲ့ တက္ကသိုလ် ကျောင်းသားတွေကို စစ်အစိုးရက လက်နက်ကိုင် နှိမ်နင်းခဲ့ပြီး ဒဏ်ရာရ ကျောင်းသားတွေ ခိုအောင်းနေတဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲခဲ့တာကြောင့် မိုးရေတွေကြား စီးမျောခဲ့ရတဲ့ သွေးချောင်းများက လူမသိ သူမသိခဲ့ကြပေမယ့်၊ သိတဲ့သူတွေရဲ့ ရင်ထဲမှာ - သွေးပင်လယ်ဟာ အိုင်ထွန်းလို့ ဖြစ်တည်နေခဲ့ပါတယ်။ ဒါကြောင့် ရင်ထဲမှာ မခံမရပ်နိုင်ဘဲ မျက်ရည်မိုးတွေနဲ့အတူ စီးမျောရင်း အသက်၊ သွေး၊ ချွေးနဲ့ ပေးဆပ်ခဲ့တဲ့၊ သွေးနဲ့ရေးခဲ့ကြတဲ့ ဒီလ၊ ဒီရက်၊ ဒီနေ့လေးကိုတော့ ဘယ်တော့မှ မမေ့ကြပါနဲ့။

ဝမ်းနည်းကြေကွဲစွာ ကျလာတဲ့ မျက်ရည်တွေကို မိုးစက်တွေနဲ့ သက်သေပြုလို့ ဇူလိုင်လ(၇) ရက်နေ့ နဲ့ ကျောင်းသားအရေးအခင်းမှာ အသက်ပေးသွားကြတဲ့ ရဲဘော်ရဲဘက် ကျောင်းသားများစွာကို ဒီနေရာကနေ ဂါဝရတရားနဲ့ လေးစားစွာ အလေးပြုလိုက်ပါတယ်။

ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေး စတေးပြီး တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတွေထဲမှာ ဒီနေ့ ဒီချိန်ထိ ပြည်သူတွေရဲ့ ရင်ထဲမှာ လေးစားအားကျလို့ အမြဲတမ်း နှမြော တမ်းတ လွမ်းဆွတ်နေသူတွေ ထဲမှာ ကိုသက်ဝင်းအောင်လည်း တစ်ဦးအပါအဝင်ပါပဲ။

စစ်အစိုးရရဲ့ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရပြီး၊ အကျဉ်းထောင်မှာပဲ အနာဂတ် တိုင်းပြည်ကြီးအတွက် အသက်ကိုစတေးပြီး သေဆုံးသွားခဲ့ရသူ ဖြစ်တဲ့အတွက် အင်မတန်မှ ဝမ်းည်စရာကောင်းလှပါတယ်။ အဖြူရောင်ဝိညာဉ်လို့ တင်စားလောက်တဲ့ အာဇာနည် ကိုသက်ဝင်းအောင်ကို ဒီနေ့မှာ ကျဆုံးလေပြီးသော ရဲဘော်ရဲဘက်များနဲ့အတူ အလေးပြုရင် ကဗျာလေးတစ်ပုစ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်။

Ko Thet Win Aung

(27 August 1971 - 16 October 2006)

အဖြူရောင်ငြိမ်းချမ်းရေးဝိညာဉ်သို့ 

အဖြူရောင်ဝိညာဉ် သို့

အာဇာနည်ဆိုတာ…
ငါ့မြေ ငါ့ရေ

ငါ့နိုင်ငံအတွက်
ဘယ်ခရီး ရောက်ရောက်

ဘယ်နည်း ပေါက်ပေါက်

ငါ သေချင်သေ

ငါ မွဲချင်မွဲပါစေတော့

ရင်ထဲက အပူကို တွေးပူကာ မလွမ်း

ငါ့နိုင်ငံ ငါ့လူမျိုးအတွက်

ငါပြေးလေရာ လမ်းခရီးမှာ

အသိဗလာမဟုတ်
ငါပြုတဲ့ကံ ငါခံလို့

ဒီခရီး နီးအောင်

ဘဝကိုနှစ် (အချစ်ကိုပစ်ပြီး)

မျက်ရည်များကို လည်စင်းခံ

သေမယ့်ရက်ကို လက်ရေချိုးလို့

ရှေ့ဆောင်လမ်းပြ

ဘဝမလှပဲ ကြွေလွင့်ကြရသော်ငြား

လူသာသေသည် နာမည်မသေပါ …

အာဇာနည်မျိုး သေရိုး ထုံးစံ မရှိပါ။

အဖြူလွလွ ကောင်းကင်ပေါ်က

ငြိမ်းချမ်းရေးရဲ့ ဝိညာဉ်

နှဖူးပြင် ခပ်တင်းတင်းနဲ့

ဘဝကို ဖက်နဲ့ထုပ်

ဗျာပါဒကို ခဝါချ

ဟေ့ ဒါ ငါတို့နိုင်ငံ အတွက်ကွ လို့

မိဘကို မငဲ့

မောင်နှမ ကိုမညှာ

သာမည ဘဝနဲ့ နံရံလေးဖက်ကြား

(၂၀၀၆) အောက်တိုဘာမှာ

ဆို့… နစ်… ကြေကွဲစွာ…

ဘဝကို စတေးသွား။

သံသရာမှာ…
ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား

ဒီနေ့ ဒီကံ နင် ပြတ်စေ

ဒီနေ့ ဒီကံ နင်သွားစေ

မတရားသမှု နင်တို့ပြုလို့

ပန်းခြွေတဲ့ လူသတ်လက်တွေမှာ

ကျောင်းသားခေါင်းဆောင်
ကိုသက်ဝင်းအောင်
ထောင်ဒဏ်က ၅၉

အသက်တွင် ၃၄

လူသားချင်း စာနာစိတ်မမွေး

တိမ်းရက် စိမ်းရက်

သတ်ရက်ကြတယ်
ဘယ်အရာ ဘယ်အတွက်

ဘယ်အညှိုးနဲ့ များ

ပြိုပျက် လို့ ရက်စက်စေခဲ့သလဲကွယ်။

အကြွေစောတဲ့ ကြယ်တစ်ပွင့်

ရင် နင့် စို့ လို့

နှမြောမိပေမယ့်
ပေးဆပ်ခဲ့တဲ့ သူ့အသွေးအသား

အဖြူရောင် သစ္စာစကားများနဲ့

အာဇာနည် စိတ်ထား

လူပင် သေသော်ငြား

နာမည်က မသေသွား။

ဒါ “ငြိမ်းချမ်းရေး ဝိညာဉ်”အတွက် အား …

ဒါ…. ငါ တို့ရဲ့ အား …

ဒီကဗျာလေးကို မြူး အရမ်းခင်မင်လေးစားရတဲ့ ကိုကြီးတယောက် က မေတ္တာလက်ဆောင် ရေးပေးခဲ့တာပါ။ ကိုကြီးကိုလဲ ဒီနေရာကနေ ကျေးဇူးအထူးတင်ကြောင်း ပြောချင်ပါတယ်။

http://mueshari.blogspot.com/2009/07/blog-post_05.html

14 July 2009

62 Years ago at 19th July 1947 through the Burmese Journals


ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ

လှမြင့် (ရန်ကုန်တက္ကသိုလ်)

ဇူလိုင် ၁၅၊ ၂၀၀၉

လှမြင့် (ရန်ကုန်တက္ကသိုလ်) ရဲ့ "ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ" ပြန်ပြောင်း ရှာဖွေ ဖော်ထုတ်မှုကို ချင်းတွင်း၊ မဂ္ဂဇင်း အမှတ် (၄ဝ)၊ ဇူလိုင်လ၊ ၂ဝဝ၉ ခု ထုတ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။


၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အာဇာနည် ခေါင်းဆောင်ကြီးများသည် နယ်ချဲ့တို့၏ သွေးခွဲ သပ်လျှိုမှု၊ အသားထဲမှ လောက်တွယ်မှု ဖြစ်ရပ်ဆိုးတို့ကို အရင်းခံလျက် ရေတိမ် နစ်ခဲ့ကြရသည့် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသော ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ သမိုင်းဖြစ်ရပ်ဆိုး အခြေအနေများကို ထိုအချိန်က ထုတ်ဝေခဲ့သော စာနယ်ဇင်းများတွင် သမိုင်းမှတ်တမ်းတင် ရေးသား ဖော်ပြခဲ့ကြ၏။ ထိုသမိုင်းဝင် မှတ်တမ်းသဖွယ် ဖြစ်သော စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများကို လက်လှမ်းမီသမျှ ရှာဖွေဖော်ထုတ် ကောက်နှုတ် တင်ပြလိုပါသည်။


ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ပြီးနောက် တပတ် အကြာတွင် ထုတ်ဝေသော ဂျာနယ်ကျော် (အုပ်တွဲသစ် ၉၊ အမှတ် ၆) ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် စာစောင်တွင် ဂျာနယ်ကျော် မမလေးသည် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသည့် နေ့ရက်နှင့် သူ၏ ခံစားရမှု အထွေထွေကို နှိုင်းယှဉ်၍ 'လဆန်း ၂ ရက်နေ့' ဆောင်းပါးကို ဝမ်းနည်း ကြေကွဲစွာ ရေးသား မှတ်တမ်းတင်ခဲ့သည်။


'လဆန်း ၂ ရက်နေ့' ဆောင်းပါးတွင်၊ လဆန်း ၂ ရက်နေ့တိုင်း ကျမ တသက်ပန် အဖို့ စိတ်နှလုံး ထိခိုက်သော နေ့ဖြစ်၍ ဤလဆန်း ၂ ရက်နေ့ထက် ဗျာပါမီး တောက်ရသည့်နေ့ကား ကျမ တသက်လုံး မရှိနိုင်။ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဗိုလ်အောင်ကျော်တို့သည် လဆန်း ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့ကြသည် ဟူ၍ အစချီလျက် ၁၉၃ဝ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဗိုလ်ချုပ်တို့ ကျဆုံးမှုအတွက် ဝမ်းနည်းမဆုံး ဖြစ်ရမှုကို …


"မြန်မာပြည် လွတ်လပ်ရေး မရမီ သူ့တို့တတွေ ကွယ်လွန်သည်မှာ အသည်းနာဖို့ အလွန်ကောင်းလေသည်။ သူတို့သည် သူ့တို့ မသေခင် ကျမတို့အား လွတ်လပ်သော လူမျိုးတမျိုး မဖြစ်ကြသေးကြောင်းကို လည်းကောင်း၊ မြန်မာပြည်တွင် ကိုယ်တယောက်တည်း အတွက် သုခရှာ၍ မဖြစ်နိုင်ဘဲ လွတ်လပ်ရေး သုခကြီးကို တမျိုးလုံး တညီတညွတ်တည်း ရှာယူကြဖို့ရာ လည်ကောင်း နှိုးဆော်သင်ကြား လမ်းပြ ပေးသွားကြသည်။"


၁၉၄၉ ခုနှစ်၊ သြဂုတ်လ ၉ ရက် ( ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆုတ် ၈ ရက်)နေ့ထုတ် ဂျာနယ်ကျော်အုပ်တွဲသစ် ၉ အမှတ် ၈ တွင် ဆောင်းပါးရှင် ဂျာနယ်ကျော်အဖွဲ့ဝင် ဦးအုန်းမြင့်သည် 'သူ့အကြောင်း ကျနော် မှတ်မိ သိရှိရသမျှ' ဟူသော အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝမှ စတင်ကာ ကျဆုံး အချိန်အထိ ဖြစ်ရပ်များကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။


ဆောင်းပါးရှင် ဦးအုန်းမြင့်သည် သခင် ဘဝကပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြောမနာ၊ ဆိုမနာ မိတ်ဆွေရင်း ဖြစ်သည်။ ဗိုလ်ချုပ် ကိုယ်တိုင်ပင် "ကျုပ်အကြောင်းကို သူတို့ နှစ်ယောက် (ဦးအုန်းမြင့်နှင့် သခင်တင်ဦး) သာ ကောင်းကောင်းသိတယ်" ဟု ပြောဆိုခဲ့ဖူးသည်။ ဦးအုန်းမြင့်၏ ဆောင်းပါးတွင်၊ …


"ဗိုလ်ချုပ် ကွယ်လွန်ပြီဟု ပြောသံကြားရသည်နှင့် တပြိုင်နက် ကျနော်၏ အနီးတွင် ကပ်၍ ဗုံးကျပြီး ပြင်းထန်စွာ မြည်ဟိန်း ပေါက်ကွဲကာ မီးခိုးလုံးတွေ ပိတ်ဖုံး မှောင်မည်း သွားသကဲ့သို့ ထင်မှတ် လိုက်မိတော့သည်။ လျှပ်တပြက်ခန့် လုံးလုံးသတိလစ်ကာ လေဟာပြင်ကြီးကဲ့သို့ ရှိနေရာမှ တဖြည်းဖြည်းပင် တရေးရေး ထင်မြင် ပေါ်ပေါက်လာသည်မှာကား ယခင် နှစ်ပေါင်း အတော်ကြာမှ ယခုအထိ ဗိုလ်ချုပ်နှင့် အတူ နေထိုင် လုပ်ကိုင် စားသောက် သွားလာ ပြောဆိုရပုံများပင် ဖြစ်ပေသည်" စသည်ဖြင့် ရေးသား ဖော်ပြထားသည်။


၁၉၄၇ ခုနှစ်၊ သြဂုတ် ၂၃ ရက်နေ့ထုတ် ဂျာနယ်ကျော် အုပ်တွဲသစ် (၉)၊ အမှတ် (၁ဝ) တွင် သခင်ဗအေး (သူရဲ) သည် 'ကျနော် သိသော ဗိုလ်ချုပ်' ဆောင်းပါးကို ရေးသားခဲ့သည်။ သခင်ဗအေးသည် ဗိုလ်ချုပ်နှင့် ကျောင်းသား ဘဝကပင် သိခဲ့သည်။ သခင် ဘဝနှင့် အင်္ဂလိပ်ကို တော်လှန်စဉ် အခါက လည်ကောင်း၊ ဂျပန်ကို တော်လှန်စဉ် အခါက လည်းကောင်း ဗိုလ်ချုပ်ထံ အပါးတော်မြဲ အဖြစ် နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူ၏ ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ရောင့်ရဲတတ်မှု၊ အာရုံဝင်စား ပြင်းထန်မှုတို့ကို …


"စာအလွန်ဖတ်သူ ဖြစ်သည်။ တခါတရံ နောက်ဖေးသွားစဉ် နောက်ဖေးသွားရင်း စာဖတ်နေရာ နာရီဝက်ကျော်ကြာ သဖြင့် ခေါ်ယူရ၏။ ထမင်းကိုလည်း အမှတ်တရ မရှိ၊ စားချိန်တွင် ခေါ်ယူ ကွေ္ဆးရ၏။ မုန့်ပဲသရေစာကို စားရန် ကောင်းစွာ ဂရုမစိုက်။ ရေကိုလည်း အတွင် ချိုးစေရ၏" ဟူ၍ ဖော်ပြထားသည်။


ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ရှုမဝ ရုပ်စုံမဂ္ဂဇင်း စတင် ပေါ်ထွက်စ အချိန် ဖြစ်သည်။ ရှုမဝ ရုပ်စုံ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၃)၊ ၁၉၄၇ ခုနှစ်၊ သြဂုတ်လထုတ်တွင် ဝမ်းနည်းသည့် သဝဏ်လွှာနှင့် ကဗျာများကို ထည့်သွင်း ဖော်ပြခဲ့သည်။ 'သဝဏ်လွှာ' တွင် ဝမ်းနည်းသည့် အထိမ်းအမှတ် အဖြစ် အတွဲ (၁)၊ အမှတ် (၃)၊ သြဂုတ်လထုတ် မဂ္ဂဇင်းကို မထုတ်ဝေသင့်ကြောင်းကို၊


"တကယ်ဆိုလျှင် ယခုလ ရှုမဝ မဂ္ဂဇင်း ထုတ်ဝေခြင်းငှာ မသင့်ပါပေ။ အကယ်တည့် လွန်ခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့တွင် ရှုမဝ စာမျက်နှာ ၇ မှ ၁ဝဝ အထိ ရိုက်ပြီးသား မဖြစ်ခဲ့မိလျှင် လည်းကောင်း၊ တတိုင်းပြည်လုံး ယူကျုံးမရ တသဝမ်းနည်း အဖြစ်ကြီး ဖြစ်ရသော နိုင်ငံရေး လုပ်ကြံမှုသည် ဇူလိုင် ၁၉ ရက်ထက် စောလျက် လဆန်းစ ၃၊ ၄ ရက် အတွင်း ဖြစ်ပွားခဲ့ပါလျှင် လည်းကောင်း ရှုမဝ အမှတ် (၃) သည် မည်သည့်နည်းနှင့်မျှ ထုတ်လာနိုင်မည် မဟုတ်ချေ" ဟူ၍ ဖော်ပြခဲ့သည်။


ဆက်လက်၍ ဗိုလ်ချုပ်တို့ ကျဆုံးသည်ဟု ကြားသိရသော အခါ ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှု ခံစားရချက်တို့ကိုလည်း၊


"ဤအချိန်မှာ က္ဆွန်ုပ်တို့ နံနက် ထမင်း စားနေဆဲ ဖြစ်ကြသည်။ ဤသတင်းကို ကြားလျှင်ကြားချင်း အလျဉ်းပင် မယုံကြည်ကြ၊ မယုံနိုင်ကြ၊ ယုံလည်း မယုံချင်ကြ၊ မယုံကြဘူး ဟူ၍သာ ဆိုရသည်။ တဝိုင်းလုံး တုန်လှုပ် ချောက်ချား နေကြသည်။ အံ့သြ ဝမ်းနည်း ယူကျုံးမရကြီး ဖြစ်နေကြသည်။ ထမင်းပင် ဆက်မစားနိုင်ကြ။ ဆေးရုံ ပြေးသူပြေး၊ သတင်းစာတိုက် သွားသူသွား၊ တတိုက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။

ညနေ သတင်းစာများ ထွက်လာသော အခါ၌ကား ကျွန်ုပ်တို့ လက်ခံနိုင်၍လည်း မရ။ မယုံနိုင်၍လည်း မဖြစ်။ ဝမ်းနည်း ဝမ်းနည်း ယူကျုံးမရ ကြီးစွာဖြင့်သာ လက်ခံ ယုံကြည် လိုက်ကြရတော့သည်။ ဗမာတိုင်းလိုလိုပင် ဤနည်းနှင်နှင် ဖြစ်ပျက်ကြမည်ကား မလွဲ။"


၁၉၄၇ ခုနှစ်၊ သြဂုတ်လထုတ် ဒဂုန်မဂ္ဂဇင်း အုပ်တွဲ (၂၁)၊ အမှတ် (၈) တွင် ဒဂုန်ဦးစန်းငွေ၏ 'ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူး ဆပ်မည်နည်း'၊ မောင်မောင်ကြွက်၏ 'ကလောင်စက်'၊ ရန်ကုန်ခင်ဆွေ၏ 'ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးများနှင့်'၊ 'ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများအတွက် ကုသိုလ်ဆွမ်းသွတ် လွမ်းဆွတ် ကြေကွဲခြင်း လေးချိုးလတ် ငိုချင်း' စသည်တို့ဖြင့် အမှတ်တရ ထုတ်ဝေခဲ့သည်။


ဒဂုန် ဦးစန်းငွေ၏ 'ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူးဆပ်မည်နည်း' ဆောင်းပါးတွင်


"မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဟူသော ဂဏန်းကွက်သည် မြန်မာ တိုင်းရင်းသားတို့ အတွက် စိတ်လက်ညစ်နွမ်း ဝမ်းနည်းမဆုံး ကြိမ်မီးအုံးသကဲ့သို့ ယူကျုံးမရ ဖြစ်စေသော အမင်္ဂလာနေ့ကြီး ဖြစ်ပေသည်။

လူတို့ မည်သည်မှာ မိမိတို့ အားကိုးပြုရာ မေရုမြင်းမိုရ်တောင်ကြီး ပြိုကွဲ ယိုင်လဲရှာခြင်း အတွက် ပွက်ပွက်ဆူမျှ ပူလောင်ကြမြဲ ဖြစ်သော်လည်း ဤသို့ ပူဆွေးလောင်ကျွမ်း ဝမ်းနည်းမပြေ ဖြစ်နေရုံမျှဖြင့် ကွယ်လွန်ရှာသူတို့အား လွမ်းရာကျမည် မဟုတ်။ သူတို့၏ လုပ်ငန်းများကို ဆက်လက် အမွေခံကာ လုပ်ကိုင် ကျင့်ကြံခြင်းသည်သာလျှင် စစ်စစ် လွမ်းရာရောက်မည် ဖြစ်လေသည်။

သို့ဖြစ်၍ ဗိုလ်ချုပ် အမှူးရှိသော ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်ကြေကွဲ ဝမ်းနည်းမဆုံး စိတ်နှလုံး ပူဆွေး နေကြရရုံမျှနှင့် အချိန်မကုန်စေကြကုန်ဘဲ ခေါင်းဆောင်ကြီးများအား တကယ်တမ်း လွမ်းဆွတ်ရာ ရောက်ကြလေအောင် လမ်းပြခဲ့သည့် ခရီးစဉ်ကို ဖြောင့်ဖြောင့်တန်းတန်း လိုက်ကြခြင်းဖြင့် ကွယ်လွန်သူ ခေါင်းဆောင်ကြီးများ၏ ကြီးမားလှသော ကျေးဇူးတရားများကို အသီးသီး ပေးဆပ်တော်မူ နိုင်ကြပါစေသတည်း" ဟူ၍ သတိပေး နှိုးဆော် ရေးသားခဲ့သည်။


၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် သတင်းစုံဂျာနယ် အုပ်တွဲ (၂)၊ အမှတ် (၂၃) ၏ ခေါင်းကြီးပိုင်းတွင် 'မိခင်မျက်မှောက်၊ မြန်ပြည်အောက်မှ၊ ကွယ်ပျောက်ခဲ့ပြီ၊ အာဇာနည်' ဟူသော ခေါင်းစီးဖြင့် ဗိုလ်ချုပ်တို့၏ ကျဆုံးမှုနှင့် ပြည်သူတို့၏ ခံစားရမှုများကို မှတ်တမ်းတင်ခဲ့သည်။ 'ဂျူဗလီဟောတွင် ဤသို့ပင်' ဆောင်းပါးတွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များ ပြင်ဆင်ထားမှုကို


"ဗိုလ်ချုပ် အလောင်းနှင့် ခုတင်ကား ရှေ့ဆုံးတွင် ရှိနေ၏။ စင်မြင့်ပေါ်မှ မြင်ရသည်မှာ လက်ဝဲမှ လက်ယာသို့ ၁) အိုင်စီအက် ဦးအုန်းမောင် (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၂) မိုင်းပွန်စော်ဘွား (အဖြူ၊ အစိမ်း၊ အဝါ၊ အလယ် အဖြူလုံး အမှတ်အသား အလံ လွှမ်းထားသည်)၊ ၃) ဦးဘချို (တောင်လှန်ရေးအလံ လွှမ်းထားသည်)၊ ၄) ဦးဘဝင်း (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၅) သခင်မြ (ဥဒေါင်းရုပ်ပါသည့် ဆိုရှယ်လစ်အလံ)၊ ၆) မန်းဘခိုင် (အဖြူ၊ အပြာရင့်နှင့် အနီပါသောထောင့်၌ ဖားစည်တံဆိပ်နှင့် အလံ)၊ ၇) ဆရာကြီး ဦးရာဇတ် (ခေါင်းအလွတ် စတိသာ ပြင်ထားသည်)၊ ၈) ကိုထွေး (အလောင်းနှင့် ခေါင်းမရှိ ခုတင်သာ ရှိသည်) အားလုံးသော ခေါင်းများပေါ်တွင် ပန်းခွေနှင့် အမည် စာကဒ်ကလေးများရှိလျက် ပန်းရောင် ခေါင်းအုံး တလုံးစီနှင့် သစ္စာပန်းများ တင်ထားသည်" ဟူ၍ မှတ်တမ်းတင်ခဲ့သည်။


အယ်ဒီတာ အာဘော် အခန်းတွင် ခေါင်းဆောင်ကြီးများ မကျဆုံးမီ တရက်အလို ဇူလိုင်လ ၁၈ ရက် သောကြာနေ့တွင် မြန်မာ့အလင်း၊ စီးပွားရေး၊ ဟံသာဝတီရှေ့ဆောင် သတင်းစာတိုက်များမှ အယ်ဒီတာတို့ကို ဒီဒုတ် ဦးဘချို ပြောကြားခဲ့သည့်


"ပထမ ဘရင်းဂန်း ၂ဝဝ၊ ဒုတိယ စတင်းဂန်း ၁,ဝဝဝ၊ ပျောက်ဆုံးတဲ့ လက်နက်တွေဟာ တကယ်တော့ ဖဆပလကို တိုက်ဖျက်ပြီး ကျုပ်တို့တတွေကို သတ်ဖို့ပဲ။ ဒါပေမဲ့ တိုင်းပြည်အတွက် ရိုးရိုးသားသား လုပ်နေတဲ့ ကျုပ်တို့တတွေဟာ အကာအကွယ်တော့ ယူဖို့ မလိုပါဘူး။ သတ်ရင်လည်း သေရုံပေါ့။ ခင်ဗျားတို့ကသာ တိုင်းပြည်ကြီး မမှောက်မှားရအောင် ထိန်းထိန်းအုပ်အုပ် ရေးကြပါ" ဟူသော နောက်ဆုံး စကားဖြင့် လွမ်းဆွတ်ဖွယ် ရေးသားထားသည်။


၁၉၄၇ ခုနှစ်၊ သတင်းစုံဂျာနယ် အတွဲ (၂)၊ အမှတ် (၂၆)၊ အထူးထုတ် သတင်းစုံ အချပ်ပိုတွင် ဗိုလ်ချုပ်အောင်ဆန်းအား တိုင်းရင်းသား တောင်တန်းသားများ၏ ချစ်ခင်မှု၊ လေးစားမှု၊ အားကိုးမှု၊ စေတနာထားမှုများကို 'လွမ်းစချင့်ဖွယ်၊ တောင်တန်းနယ်က၊ ဘယ်ဝယ်ရော်ရမ်း၊ ဦးအောင်ဆန်း၊ မျှော်မှန်းချင့်တွေး၊ သွေးနှင့်ရေးသည့် သူတို့ပေးစာ၊ သဝဏ်လွှာကား' ဟူသော ခေါင်းစဉ်ရှည်နှင့် ဝင်းလဲ့ကြည် နတ်မောက်မြို့၏


"တောင်တန်းနယ်သူ၊ နယ်သားများသည် ကျွန်သက်ရှည်ရေး အဖြစ်မှ ကယ်တင်ခဲ့သော ဗိုလ်ချုပ်အား ၎င်း၏ လုပ်ငန်းစဉ်ကို လိုက်ရုံမျှမက ပုဂ္ဂိုလ်စွဲ အားဖြင့်လည်း ခင်မင် နေကြလေ၏။ ယခု ရက်တာရှည်စွာ မနေနိုင်သေးသော်လည်း ဗိုလ်ချုပ်က လွတ်လပ်ရေး ရပြီးနောက် တောင်တန်းနယ်တွင် စိတ်အေးလက်အေး လာ၍ နေပါမည် အကြောင်းနှင့် ပြုံးပြုံးရယ်ရယ် ပြန်ပြောသည့် အခါ ဗိုလ်ချုပ် ပြောသည့် စကားများကို တောင်တန်း နယ်သားများသည် ယခုတိုင် ကြားယောင်လျက် ရှိကြောင်း" စသည်ဖြင့် မှတ်တမ်းတင် ရေးသားခဲ့သည်။


ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ထုတ်ဝေခဲ့သော စာနယ်ဇင်းများမှာ အရေအတွက်အားဖြင့် အမြောက်အမြား ရှိနေသည်။ စာ-နယ်-ဇင်း အားလုံးတွင် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းကို ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ခေါင်းကြီးတို့ဖြင့် ကြေကွဲ ဝမ်းနည်းစွာ မှတ်တမ်းတင် ဖော်ပြခဲ့ကြသည်။ စာ-နယ်-ဇင်းတိုင်း ခေတ်သမိုင်း ဟူသော ဆိုရိုးနှင့် အညီ နယ်ချဲ့တို့၏ ပယောဂ သွေးထိုး သပ်လျှို လှုံ့ဆော်မှုကို နားယောင်၊ နာခံ ဆောင်ရွက်မှုကြောင့် မြန်မာ့ အာဇာနည်များနှင့် မြန်မာနိုင်ငံ၏ ရေတိမ်နစ်ခဲ့ရသော သမိုင်း သင်ခန်းစာ ပေးနေသည့် ဖြစ်ရပ်ကို အသိနှင့် သတိ ယှဉ်နိုင်စေရန် ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က စာ-နယ်-ဇင်း မှတ်တမ်းတင်ခဲ့မှုများမှ လက်လှမ်းမီသမျှ၊ ကြိုးစားရှာဖွေ တင်ပြခြင်း ဖြစ်ပါသည်။


ပုံစာ - ၁၉၄၇ ခု၊ ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနားကို ဂျူဘလီဟော၌ ပြင်ဆင်ထားပုံနှင့် ယနေ့ အာဇာနည်ဗိမာန် (ပေါ်)၊ ၁၉၄၈ မေ ၈ အရုဏ်တက်ချိန်၊ အင်းစိန်ထောင်၌ ယုတ်မာ ညစ်ထေးသည့် အမျိုးသား သစ္စာဖောက် ဂဠုန်စောအား ကြိုးပေးရန် ပြင်နေစဉ်နှင့် မိုက်ရူးရဲ နောက်လိုက်များ (အောက်)။


စာကြွင်း - အီး စာမူအဖြစ် မြန်မာအိုင်အက်စ်ပီက ယူပါတယ်။